အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ်မှုဖြင့် အဆိုတော် ခရစ္စဘရောင်း အဖမ်းခံရ

အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ်မှုဖြင့် အဆိုတော် ခရစ္စဘရောင်း အဖမ်းခံရ

နယူးယော့ခ်၊ သြဂုတ် ၃၁ ။             ။ အမျိုးသမီးတစ်ဦးက အမေရိကန်အဆိုတော် ခရစ္စဘရောင်းသည် ၎င်းအားသေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု တိုင်တန်းချက်ကို  ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီးနောက် ခရစ္စဘရောင်းကို လူကိုသေစေနိုင်သော လက်နက်နှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အလှမယ် ဘေလီကွန်းက ခရစ္စဘရောင်း၏ သူငယ်ချင်းဖြစ်သူပိုင်ဆိုင်သော လက်ဝတ်ရတနာကို သဘောကျမိကြောင်း ပြောကြားပြီးနောက် ခရစ္စဘရောင်းက ၎င်း၏မျက်နှာကို   သေနတ်ဖြင့်ချိန်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း  LA Times ကို ပြောကြားခဲ့သည်။

သြဂုတ် ၃၀ရက်က ရဲတပ်ဖွဲ့နဲ့ လိပ်ခဲတည်းလည်း အခြေအနေဖြစ်ပွားခဲ့ပြီးနောက် ခရစ္စဘရောင်းကို ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ခရစ္စဘရောင်းသည် ၂၀၀၉ ခုနှစ်က ၎င်း၏ချစ်သူမိန်းကလေး ပေါ့ကြယ်ပွင့် ရီဟားနားကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအဝင် အကြမ်းဖက်မှုပြစ်မှုများစွာ ကျူးလွန်ထားသူတစ်ဦးဖြစ်သည်။

ခရစ္စဘရောင်းသည် ရဲတပ်ဖွဲ့အပေါ် စွပ်စွဲပြောကြားမှုများ နှင့် မည်သည့်ပြစ်မှုကိုမျှ ၎င်းကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားသော  ဗီဒီယိုဖိုင်များကို  အင်စတာဂရမ်တွင် တင်ခဲ့သည်။

“ ခင်ဗျားတို့ ရှာဖွေမှုတွေလုပ်ဖို့ လိုအပ်တဲ့အတွက် ဝရမ်းယူဆောင်လာမယ်။ ခင်ဗျားတို့ ဒီမှာ ရှာဖွေမှုတွေလုပ်မယ်။ ခင်ဗျားတို့ ဘာမှ တွေ့မှာမဟုတ်ဘူး။ ခင်ဗျားတို့ဟာ မိုက်မဲတဲ့သူတွေပဲ။ ကမ္ဘာပေါ်မှာ ခင်ဗျားတို့ရဲတပ်ဖွဲ့အားလုံးဟာ အဆိုးရွားဆုံး အဖွဲ့အစည်းတစ်ခုဖြစ်တယ်”ဟု ခရစ္စဘရောင်းက အင်စတာဂရမ်တွင် တင်ထားသော ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly