အမေရိကန်အဆိုတော်ကြီး ပရင့်စ်၏ နေအိမ်နဲ့ စတူဒီယိုကို အများပြည်သူများ လာရောက် ကြည့်ရှုနိုင်သော နေရာတစ်ခုအဖြစ် ဖွင့်လှစ်သွားမည်

အမေရိကန်အဆိုတော်ကြီး ပရင့်စ်၏ နေအိမ်နဲ့ စတူဒီယိုကို အများပြည်သူများ လာရောက် ကြည့်ရှုနိုင်သော နေရာတစ်ခုအဖြစ် ဖွင့်လှစ်သွားမည်

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၂၆ ။            ။ ကွယ်လွန်သွားပြီဖြစ်သော အမေရိကန်အဆိုတော်ကြီး ပရင့်စ်၏ နေအိမ်နှင့် စတူဒီယိုတို့ တည်ရှိသော Paisley Park ခြံဝန်းကို အောက်တိုဘာ ၆ ရက်တွင် အများပြည်သူများ လာရောက်လည် ပတ် ကြည့်ရှုနိုင်သော နေရာတစ်ခုအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပရင့်စ်၏ အိမ်ခြံမြေကို စီမံခန့်ခွဲ အုပ်ချုပ်သူက ပြောကြားသည်။

အသက် ၅၇ နှစ်အရွယ်ရှိ ပရင့်စ်သည် အကိုက်အခဲပျောက်ဆေးကို အလွန့်အကျွံ သောက်သုံး ခဲ့မှုကြောင့် ဧပြီလက ၆၅၀၀၀ ဧရိယာစတုရန်းပေ ကျယ်ဝန်းသော နေအိမ်ခြံဝန်းအတွင်း လဲကျ သေဆုံးခဲ့သည်။

“Paisley Park ကို အများပြည်သူတွေ လာရောက် ကြည့်ရှုနိုင်တဲ့ နေရာတစ်ခုအဖြစ် ဖွင့်လှစ် ခြင်းဟာ ပရင့်စ်လုပ်ချင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်” ဟု ညီမဖြစ်သူ တာကာနယ်လ်ဆင်က ပြောကြား သည်။

“ပရင့်စ် သက်ရှိထင်ရှားရှိစဉ်အခါက လူအယောက်တစ်ရာအောက်သာ အလည်ပတ် လာရောက် ကြည့်ရှုခွင့်ရရှိခဲ့တယ်။ အခုအခါမှာတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပရိတ်သတ်တွေဟာ ပထမဆုံးအကြိမ်အဖြစ် ပရင့်စ်ရဲ့ကမ္ဘာကို ကြည့်ရှုခွင့်ရမယ့် အခွင့်အရေး ရရှိတော့မှာပါ” ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။

လာရောက်လည်ပတ်သူများသည် ဗီဒီယိုတည်းဖြတ်ခန်းများ၊ အစမ်းလေ့ကျင့်သည့် အခန်းများ၊ NPG Musie Club၊ အသံလုံအခန်း၊ တေးဂီတ ဖျော်ဖြေပွဲခန်းမနှင့် ပရင့်စ်၏ မော်ကွန်းတိုက်မှ ပစ္စည်း များကို တွေ့မြင်ရမည် ဖြစ်သည်။ လက်မှတ်များကို သြဂုတ်၂၆ ရက် ဂရင်းနစ်စံတော်ချိန် ၇ နာရီအချိန် တွင် ရောင်းချပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly