ကမ္ဘာ့ကြေးအမြင့်ဆုံး မင်းသားအဖြစ် ဒေါင်းနေဂျွန်ဆင် သတ်မှတ်ခြင်း ခံရ

ကမ္ဘာ့ကြေးအမြင့်ဆုံး မင်းသားအဖြစ် ဒေါင်းနေဂျွန်ဆင် သတ်မှတ်ခြင်း ခံရ
(ဓာတ်ပုံ - အီးပီအေ)

ဟောလိဝုဒ်မင်းသား ဒေါင်းနေဂျွန်ဆင်သည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၅ သန်းဖြင့် Forbes မဂ္ဂဇင်း၏ နှစ်စဉ်ပြုလုပ်နေကျ ကမ္ဘာ့ကြေးအမြင့်ဆုံး သရုပ်ဆောင်မင်းသား စာရင်းတွင် နံပါတ်တစ်နေရာမှ ရပ်တည်ခဲ့သည်။

ဒေါင်းနေဂျွန်ဆင်၏ ဝင်ငွေသည် ကမ္ဘာ့ကြေးအမြင့်ဆုံး ရရှိသည့် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လော်ရင့်စ်ထက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ပိုများသည်။ ဒေါင်းနေဂျွန်ဆင်သည် “The Fast and Furious” ၊ “San Andreas” တို့ ဇာတ်ကားအပြင် “Central Intelligence”  ၊ “Fast 8” နှင့် “Baywatch” ရုပ်ရှင်ကားသစ်ကဲ့သို့ ကြိုတင်ငွေပေးသွင်းထားသော ဇာတ်ကားများကြောင့် ၂၀၁၅ ခုနှစ် ဇွန်လမှ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း ဝင်ငွေအများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဒေါင်းနေသည် ပြီးခဲ့သည့်နှစ်က ကြေးအမြင့်ဆုံး ရရှိခဲ့သည့် ရောဘတ် ဒေါင်းနေဂျူနီယာကို ကျော်လွန်ကာ ကြေးအမြင့်ဆုံးရရှိသည့် သရုပ်ဆောင်မင်းသား စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ရောဘတ်ဒေါင်းနေဂျူနီယာသည် အမေရိကန်ဒေါ်လာ ၃၃ သန်းဖြင့် အဌမနေရာတွင် ရပ်တည်နေသည်။

ပြီးခဲ့သည့်နှစ်က ဒေါင်းနေဂျွန်ဆင်သည် အမေရိကန်ဒေါ်လာ ၃၁ သန်း ဝင်ငွေရရှိကာ ကြေးအမြင့်ဆုံး ရရှိသည့် သရုပ်ဆောင်မင်းသား စာရင်းတွင် သတ္တမမြောက် နေရာမှ ရပ်တည်ခဲ့သည်။

အက်ရှင်မင်းသားကြီး ဂျက်ကီချန်းသည် အမေရိကန်ဒေါ်လာ ၆၁ သန်း ဝင်ငွေရရှိကာ ဒုတိယ နေရာတွင် ရပ်တည်နေသည်။ ယင်းနောက်တွင် မက်ဒေါမွန်က အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် တတိယနေရာ၊ တွမ်ခရုစ်က အမေရိကန်ဒေါ်လာ ၅၃ သန်းဖြင့် စတုတ္ထနေရာ၊ ဂျွန်နီဒပ်က အမေရိ ကန်ဒေါ်လာ ၄၈ သန်းဖြင့် ပဉ္စမနေရာ၊ ဘန်အက်ဖ်လက်ခ်က အမေရိကန်ဒေါ်လာ ၄၃ သန်းဖြင့် ဆဌမ နေရာနှင့် ဗင်ဒီဆဲလ်က အမေရိကန်ဒေါ်လာ ၃၅ သန်းဖြင့် သတ္တမနေရာတွင် အသီးသီး ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly