ဘက ကျောင်းများရှိ မိဘမဲ့ကလေးငယ်များကို မှတ်ပုံတင် ပြုလုပ်ပေးမည်

ဘက ကျောင်းများရှိ မိဘမဲ့ကလေးငယ်များကို မှတ်ပုံတင် ပြုလုပ်ပေးမည်
ပဲခူးတိုင်းဒေသကြီး သမီးကလေးကျေးရွာအနီးရှိ ဘုန်းတော်ကြီးသင်စာသင်ဝိုင်းတစ်ခုအား ဇန်နဝါရီလ ၁၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

နေပြည်တော်၊ သြဂုတ် ၂၅ ။              ။ ဘုန်းတော်ကြီးသင် ကျောင်းများတွင် မှီခိုပညာသင်ကြားနေရသော နိုင်ငံသား မိဘမဲ့ ကလေးငယ်များကို နိုင်ငံသား စီစစ်ရေး ကတ် (မှတ်ပုံတင်)ပြုလုပ်ပေး မည်ဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

မရမ်းကုန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမေဝင်းမြင့် က သြဂုတ်လ ၂၅ ရက်နေ့ကျင်းပသည့် အစည်း အဝေးတွင် မေးမြန်းသည့် မေးခွန်းအပေါ်   ပြည်ထောင်စုဝန်ကြီးက   ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

" ဖခင်ရင်း အမည်မသိရှိပါက ဘုန်းတော်ကြီးပညာသင်ကျောင်း တာဝန်ခံဆရာတော်၏ ဘွဲ့အမည်အားဖြည့်သွင်းပြီး အမည်နောက် မှ (အုပ်ထိန်းသူ ) ဟူ၍ ကိုယ်ရေးပုံစံ နိုင် ( ၂) နှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများတွင် ဖြည့်သွင်း ရေးသား၍ဆောင်ရွက်သွားမည် " ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

အုပ်ထိန်းသူသည် အမျိုးသမီးဖြစ်ပါက အမျိုးသား ကျောင်းဆရာတစ်ဦးအား နိုင် (၂)တွင် အမည်ဖြည့်သွင်းပြီး အမည် နောက်မှ (မွေးစားဖခင် ) ဟု ဖော်ပြကာ နိုင်ငံသားစီစစ်ရေး ကတ်ပြားတွင်မူ ဖခင်အမည်သာ ဖော်ပြပြီး (မွေးစားဖခင် ) ဟု ဖြည့်သွင်းခြင်းပြုရန် မလိုအပ်ကြောင်း ဝန်ကြီးပြောကြားချက်အရ သိရသည်။

မိခင်အမည်မသိပါက နိုင် (၂) တွင် မသိဟုသာဖော်ပြရန်ဖြစ်ပြီး ဘိုးဘွားများအားလည်း မသိဟုသာ ဖော်ပြရမည် ဖြစ် သည်ဟု ၎င်းက ဆိုသည်။

လူမျိုးအမည် မဆုံးဖြတ်နိုင်ပါက အုပ်ထိန်းသူ နှင့် မြို့နယ် (၅) ဦး ကော်မတီအဖွဲ့မှ စိစစ်၍ သတ်မှတ်သော လူမျိုးအမည်အား ဖော်ပြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly