ကြားဖြတ်ရွေးကောက်ပွဲ လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပရန်လျာထား

ကြားဖြတ်ရွေးကောက်ပွဲ လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပရန်လျာထား

နေပြည်တော်၊ သြဂုတ် ၂၂ ။               ။ ၂၀၁၅ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် နယ်မြေမအေးချမ်း၍ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများနှင့် လစ်လပ်မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်ကပြောသည်။

“နယ်မြေမတည်ငြိမ်လို့ရွေးကောက်ပွဲ မကျင်းပခဲ့ရတဲ့ မဲဆန္ဒနယ်တွေနဲ့လစ်လပ်မဲဆန္ဒနယ်တွေမှာ လာမယ့် နှစ်ဦးပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့လျာထားပါတယ်” ဟု ဦးအောင်မြင့် ကပြောသည်။

အမျိုးသားလွှတ်တော်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်အမတ် ဦးစိုင်းထွန်းအောင်မေးမြန်းသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် ရွေးကောက်ပွဲရပ်ဆိုင်းထားခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် ကျေးသီမြို့နယ်တို့အတွက် ၂၀၁၆ ခုနှစ်အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပရန်အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ယင်းမေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးအောင်မြင့်က လွှတ်တော်သို့လာရောက်ဖြေကြားမှုအပြီး မီဒီယာများ၏ မေးမြန်းမှုကို ထပ်မံဖြေကြားရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဆိုပါ မြို့နယ်များအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ လိုအပ်လျက်ရှိပါတယ်” ဟု အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းထွန်းအောင်ကပြောသည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိခဲ့ပြီး လစ်လပ်မဲဆန္ဒနယ်မြေ အတိအကျကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြောကြားခဲ့ခြင်းမရှိပေ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီးရာထူး တာဝန်ယူရသည့် လွှတ်တော်အမတ်များ၊ ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရသည့် လွှတ်တော်အမတ်များ၊ ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် တာဝန်ယူလိုက်ရသည့် ဝန်ကြီးချုပ်များ၏ ရွေးကောက်ခံမဲဆန္ဒနယ်များတွင် လွှတ်တော်အမတ်နေရာများ လစ်လပ်မှုအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဥပဒေ နှင့် အညီကျင်းပပေးရန်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၏ပြောကြားချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly