ကယားအခြေစိုက်ပါတီ ၃ခု NRPC အစည်းဝေးတက်မည်မဟုတ်

ကယားအခြေစိုက်ပါတီ ၃ခု NRPC အစည်းဝေးတက်မည်မဟုတ်

ရန်ကုန်၊ သြဂုတ် ၂၀ ။              ။ သြဂုတ်လ ၂၃ရက်နေ့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ပြုလုပ်မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်မရသည့် ပါတီ (၇၀) မှ ၂၁ရာစုပင်လုံညီလာတက်ရောက်ရန် ကိုယ်စားလှယ် ၅ ဦးရွေးချယ်မည့် အစည်းဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း ကယားပြည်နယ် အခြေစိုက်ပါတီ သုံးခုက ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဖိတ်စာပေးပို့ရာတွင် ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီ (၇၀) မှ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့တွင် ပါဝင်ရန် ကိုယ်စားလှယ် ၅ ဦးရွေးချယ်ရန်ဟု သုံးနှုန်းခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

 “ ၇၀ တောင်မှ ၅ယောက်ပဲထည့်ထားတယ်ဆိုတော့ အဲ့တာမဖြစ်သင့်တဲ့ကိစ္စပေါ့ အဲ့လိုလုပ်တာဟာ ပါတီငယ်တွေကို ခွဲခြားဆက်ဆံတာလည်းပါတယ်လို့ ကျွန်တော်တို့ခံစားမိတယ် ” ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီ (KUDP) ဥက္ကဌ ဦးစောဒယ်နီရယ် က ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ နိုင်ငံရေးပါတီများအား သြဂုတ်လ ၂၃ ရက် နေ့ ခင်း ၁၂နာရီ ပြုလုပ်မည့် အစည်း ဝေးဖိတ်စာကို ပေးပို့လိုက်ခြင်းလည်း ဖြစ်သည်။

ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဌ ခွန်းဘီထူးက နိုင်ငံရေးပါတီတစ်ခုအား ရွေးကောက်ပွဲ အနိုင်အရှုံး သတ်မှတ် မှုမပြုလုပ်ဘဲဖိတ်သင့်ဟု ပြောသည်။

“ ထူးထူးခြားခြားပေါ့နော် မြန်မာနိုင်ငံမှပဲဖြစ်လေ့ရှိလားလို့မပြောတတ်ဘူးပေါ့နော် “ ခွန်းဘီထူးမှ ဆက်လက်ပြောသည်။

၂၃ ရက်နေ့ပြုလုပ်မည့် အစည်းဝေးအား မတက်ရောက်ခြင်းဖြစ်ပြီး ၂၁ ပင်လုံညီလာခံကို မတက်ရောက်ဟူသည့် သဘောမဟုတ်ကြောင်းလည်း ၎င်းကပြောသည်။

ကယားပြည်နယ် အခြေစိုက် ၃ ပါတီမှ အစည်းဝေးတက်ရောက်မည် မဟုတ်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags