နေပြည်တော်တွင် ကျပ်သိန်း(၄၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်တွင် ကျပ်သိန်း(၄၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဒေသခံတွေရဲ့ ပြောဆိုမှုအရ နေပြည်တော်မှာ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု များလာတယ်လို့ သိရပါတယ်။

နေပြည်တော်(ဩဂုတ် ၂၀၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် လူသုံးဦးထံမှ ကျပ်သိန်း(၄၀)ကျော်တန်ဖိုးရှိ မူးယစ်စိတ်ကြွဆေးပြားများ ဩဂုတ် ၁၉ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ "ဆည်းဆာ" စားသောက်ဆိုင်တွင် အမည်မသိ လူ(၃)ဦးက မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးရာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တပြားလျှင် ကျပ်(၃၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၂၉၉၁၀၀၀)တန်ဖိုးရှိ (WY) တံဆိပ်ပါ မူးယစ်စိတ်ကြွဆေးပြား(၉၉၇)ပြားနှင့် တပြားလျှင် (၃၅၀၀)ကျပ်နှုန်းဖြင့် ငွေကျပ် (၁၂၂၈၅၀၀)တန်ဖိုးရှိ (88) တံဆိပ်ပါ မူးယစ်စိတ်ကြွဆေးပြား (၃၅၁)ပြားတို့အား "ဆည်းဆာ" စားသောက်ဆိုင်၏ အလယ်စားပွဲဝိုင်းတွင် ဘီယာသောက်နေသည့် နေလင်းအောင်၊ လှမျိုးအောင်နှင့် ကျော်မင်းထိုက်တို့ထံမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

အထက်ဖော်ပြပါ (၃)ဦးအား ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၁)ရဲစခန်းတွင် မူးယစ်ပုဒ်မ ၁၅၊ ၁၉-က၊ ၂၀-က တို့ဖြင့် အရေးယူထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ရက်ကလည်း ပင်လောင်းဘက်မှ နေပြည်တော်ဘက်သို့ ဦးတည်မောင်းနှင်လာသော  မော်တော်ယာဉ်တစ်စီးပေါ်တွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈၀၀ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ပင်လောင်းမြို့နယ်ရဲစခန်းက သတင်းထုတ်ပြန်ထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags