နေပြည်တော်တွင် ရဲကားတစ်စီး ဘီးပေါက်ပြီး မြောင်းထဲထိုးကျ

နေပြည်တော်တွင် ရဲကားတစ်စီး ဘီးပေါက်ပြီး မြောင်းထဲထိုးကျ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၈၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီးရှိ ကျောက်မျက်ပြတိုက်အရှေ့တွင် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့မှ ရဲကားတစ်စီးသည် ဩဂုတ် ၁၈ရက်၊ ညနေ ၃နာရီအချိန်တွင် ရေမြောင်းထဲသို့ထိုးကျမှု ဖြစ်ပွားခဲ့သည်။

ရာဇသင်္ဂဟလမ်းအတိုင်း တောင်မှမြောက်သို့ ရဲတပ်ကြပ်ကြီးတစ်ဦး မောင်းနှင်လာသော ယဉ်အမှတ် 2D- 1332 SINGLE Cup GrandTiger POLICE စာတမ်းပါ အပြာရောင်ကားမှာ ကျောက်မျက်ရတနာပြတိုက်ရှေ့ အရောက်တွင် ဝဲဘက်ရှေ့ဘီးပေါက်ပြီး ရေနုတ်မြောင်းအတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်အား ယာဉ်မောင်း ရဲတပ်ကြပ်ကြီး မျိုးသွင် တစ်ဦးတည်းမောင်းနှင်လာခြင်းဖြစ်ပြီး တိမ်းမှောက်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိသော်လည်း ရဲတပ်ကြပ်ကြီး မျိုးသွင်သည် ယာနားအောက်ပေါက်ပြဲဒဏ်ရာ၊ ရင်ဘတ်အောင့်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိ၍ ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

တိမ်းမှောက်သွားသော ယာဉ်ကိုမူ ကရိန်းဖြင့် သယ်ဆောင်သွားပြီဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး နပတ ယာဉ်မှုစစ်ဌာနက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သော ရာဇသင်္ဂဟလမ်းသည် တစ်ဖက်လျှင် လေးလမ်းသွား၍ရသော ရှစ်လမ်းသွား လမ်းမကြီးတစ်ခုဖြစ်သည်။

(ဗီဒီယိုဖိုင်အား https://www.facebook.com/MizzimaDaily/videos/1247422031959366/ တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags