နာဂတွင် ကျန်းမာရေးဝန်ထမ်း၂၀၀ ကျော် လစ်ဟာနေ

နာဂတွင် ကျန်းမာရေးဝန်ထမ်း၂၀၀ ကျော် လစ်ဟာနေ
Photo- Naga Culture and Literature (Central)

ရန်ကုန်၊ သြဂုတ် ၁၈ ။            ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်၊ ၃၀၀ နီးပါး လစ်လပ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ အချက်အလက်များကို ကိုးကားကာ နာဂအမျိုးသားရေးရာကောင်စီမှ ဦးနော်အောင်ဆန်းမှ မဇ္ဈိမကိုပြောသည်။

နာဂဒေသတွင် တာဝန်ထမ်းဆောင် ခွင့်ပြုထားသည့် ဝန်ထမ်းဦးရေ ၃၀၉ဦးရှိပြီး လက်ရှိတာဝန်ထမ်းဆောင်နေသည့်ဦးရေမှာ ၉၀ ဦးရှိသည်။

နာဂဒေသတစ်ခုလုံးတွင် ၂၁၉ နေရာလစ်လပ်နေပြီး ကူးစက်ရောဂါဖြစ်ပွားခဲ့သည့် လဟယ်မြို့နယ်တွင် လစ်လပ်နေရာ ၆၈ ရှိသည်။

လဟယ်မြို့သို့ လေကြောင်းဖြင့် ၃ ရက် လဟယ်မှ ကူးစက်ရောဂါဖြစ်ပွားသည့် ကျေးရွာများသို့ နောက် ၃ ရက်သွားသည့်အတွက် စုစုပေါင်း ၆ရက်ကြာခန့် သွားရသည်။

ဦးနော်အောင်ဆန်းမှ နာဂဒေသတွင် အများအားဖြင့် မိုးတွင်းကာလများတွင် စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပွားနေပြီး ကူးစက်ရောဂါများလည်းဖြစ်ပွားတတ်သည် ဟု ပြောသည်။

“ထပ်ပြီးတော့ မသေဆုံးပါနဲ့တော့လို့ ကျွန်တော်တို့ဆုတောင်းတယ်” ဟု ဦးနော်အောင်ဆန်းမှပြောသည်။

လက်ရှိနာဂဒေသတွင် အထက်တန်းအောင်မြင်သူနည်းပါးပြီး ပြည်မဘက်မှ ဝန်ထမ်းများသာ သွားရောက်နေရကြောင်း ဒေါက်တာသန်းထွန်းအောင်မှပြောသည်။

လမ်းဘက်ဆက်သွယ်ရေးအခက်ခဲကြောင့် နာဂဒေသတွင် သွားရောက် တာဝန်ထမ်းဆောင်လိုခြင်း မရှိကြောင်း နေပြည်တော်ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန(ဗဟို)မှ ဒုညွှန်ချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

“ဘာမှလည်းစားစရာမရှိဘူး။ ဝေးလံခေါင်ဖျားပြီး ဖုန်းလည်းဆက်လို့လည်းမရဘူး ရောဂါဖြစ်ရင်တောင် သေသွားနိုင်တဲ့ နေရာမျိုးမှာ ကျွန်တော်တို့လည်းနေမှာမဟုတ်ဘူး” ဟု ဦးဇော်ဝင့်ဖြိုး (PR T IP) မှ ၁၆ရက်တွင် လုပ်ခဲ့သည့် နာဂသတင်းစာရှင်းလင်းပွဲ၌ပြောသည်။

နာဂဒေသကဲ့သို့ ဝေးလံခေါင်းဖျားသည့်ဒေသတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို အစိုးရအနေဖြင့် ရာထူးတစ်ဆင့်တိုးပေးတာမျိုး၊ ဆရာဝန်ဆိုပါက နိုင်ငံ စကောလားရှစ် (ပညာသင်ဆု) တွေမှာ ဦးစားပေးတာမျိုး လုပ်သင့်ကြောင်း ဦးဇော်ဝင့်ဖြိုးကပြောသည်။

ဒေါက်တာသန်းထွန်းအောင်ကလည်း နာဂတွင် ကျန်းမာရေးဝန်ထမ်းများ လုံလောက်စေရန် အစိုးရအနေဖြင့် မူလတန်းနှင့် အလယ်တန်း အောင်မြင်ထားသည့် ဒေသခံများကိုဦးစားပေးကာ “လူထုကျန်းမာရေးလုပ်သား” အဖြစ် အကောင်ထည်ဖော်ရန် စီစဉ်နေကြောင်း ပြောသည်။

အထက်တန်းအောင်မြင်ထားသည့် ဒေသခံများကို သင်တန်းပေးကာ ကျန်းမာရေးဝန်ထမ်းများအဖြစ် ခန့်အပ်ရန်လည်း ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

နာဂဒေသ၌ ၂၀၁၆ခုနှစ် ဇွန်လ ၆ရက်တွင် အသက် ၉၄နှစ် အရွယ်အမျိုးသားတစ်ဦး အမည်မသိရောဂါဖြင့် စတင်သေဆုံးခဲ့ပြီး အတည်မပြုနိုင်သေးသည့် သတင်းများအရ လူ၆၀ ကျော်သေဆုံးနေသည်ဟု သြဂုတ်လ ၁၆ ရက် Orchit Hotel တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly