မူဘောင်ဆိုင်ရာဆုံးဖြတ်ချက်များ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ(UPDJC) တွင်အတည်ပြုမည်

မူဘောင်ဆိုင်ရာဆုံးဖြတ်ချက်များ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ(UPDJC) တွင်အတည်ပြုမည်

ရန်ကုန်၊ သြဂုတ် ၁၄ ။                   ။ သြဂုတ် ၁၃ရက်က ကျင်းပခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ခြင်းအခမ်းအနား တတိယနေ့တွင် ဆုံးဖြတ်ချက်တစ်စုံတရာ မချမှတ်နိုင်သေးဘဲ သြဂုတ်လ ၁၅ရက်တွင်ကျင်းပမည့်  ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ( UPDJC) အစည်းဝေးတွင်ဆက်လက်ဆုံးဖြတ်သွားမည်ဟုပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြိုပြင်ဆင်ရေး   ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

ပူးတွဲကျင်းပရေးကော်မတီတွင်ပါဝင်နိုင်ရေးနှင့် ဖြစ်စဉ်အဆင့်ဆင့်တွင်ပါဝင်ပြီး ညီလာခံတတ်ရောက်နိုင်ဖို့အပါအဝင် အစိုးရနှင့် ညှိနှိုင်းရန်ကျန်ရှိသည်ကိုညှိနှိုင်းဖို့ဆိုပြီး တင်သွင်းထားတဲ့အဆို ၃ခုကို UPDJC တွင်ပြန်လည်ဆွေးနွေးသွားမည်ဟု ဦးလှမောင်ရွှေကပြောသည်။

“ ကော်မတီအနေနဲ့ကတော့ ဆွေးနွေးတာတွေအားလုံးကို UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ) မှာတင်ပြပြီးတော့ ကော်မတီကတော့ UPDJC မဟုတ်တဲ့အတွက် အဆုံးဖြတ်ပေးလို့မရဘူး UPDJC မှာကတော့ အခုနကအဆိုပြုချက်တွေတော်တော်များများကို ညှိနှိုင်းပြီးဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တော့ထင်ပါတယ်" လို့ ဦးလှမောင်ရွှေကပြောသည်။

မူဘောင်အရ ညီလာခံကိုကျင်းပမည်ဖြစ်သောကြောင့် ဒုတိယနေ့အစည်းဝေးတွင်ဆွေးနွေးခဲ့သည့် မူဘောင်အတိုင်း ပါဝင်တတ်ရောက်နိုင်မည့်အချိုးစားကိုထပ်မံဆွေးနွေးခဲ့ကြပြီး တိကျမှုတစ်စုံတရာတော့မရှိသေးကြောင်း နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN)ခေါင်းဆောင် ခူဦးရယ်ကပြောသည်။

“ ပူးတွဲကျင်းပရေးကော်မတီလိုမျိုးဖွဲ့စည်းမလားလို့ အဲ့လိုကျွန်တော်တို့ကပြောပါတယ်။ ဒီလိုမျိုးဖွဲ့ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့လည်းပါနိုင်မလားပေါ့နော် ဒါကတော့ကျွန်တော်တို့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ အဲ့သလို ကော်မတီထဲမှာပါဝင်ခွင့်ရတယ်ဆိုလို့ရှိရင် ကျင်းပမယ့်ညီလာခံဟာ အားလုံးပါဝင်တဲ့ ညီလာခံဖြစ်ရင်အကောင်းဆုံးပေါ့နော်  “ဟု ခူဦးရယ်ကပြောသည်။

အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၂၆ ဦး၊ အကြိုပြင်ဆင်ရေး ကော်မတီမှ ၁၄ ဦး၊ နိုင်ငံရေးပါတီများအစုဖွဲ့မှ  ၁၃ ဦးစီတက်ရောက်ခဲ့ပြီး တပ်မတော်ဘက်မှလည်း ၆ ဦးတတ်ရောက်ခဲ့သည်။

ယနေ့ကျင်းပခဲ့သည့် နိုင်ငံရေးမူဘောင်ဆိုင် ပြန်လည်သုံးသပ်ခြင်းအစည်းဝေး တတိယနေ့ကို ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ ၁၁ရက်နေ့မှ ၁၃ရက်နေ့ထိ ၃ရက်ကြာကျင်းပခဲ့သည်။  ရလာဒ်များကို သြဂုတ်လ ၁၅ ရက်နေပြည်တော်တွင်ကျင်းပမည့် UPDJC အစည်းဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags