ဌာနပေါင်းစုံတို့ နည်းလမ်းပေါင်းစုံဖြင့် ချေးငွေရယူရန် စီစဉ်နေ

ဌာနပေါင်းစုံတို့ နည်းလမ်းပေါင်းစုံဖြင့် ချေးငွေရယူရန် စီစဉ်နေ

နေပြည်တော်၊ သြဂုတ် ၁၂ ။                 ။ ဝန်ကြီးဌာနပေါင်းစုံတို့က နည်းလမ်းပေါင်းစုံဖြင့် ချေးငွေများရယူရန် လွှတ်တော်ကော်မတီများထံ ဆက်သွယ်နေကြောင်း မင်္ဂလာဒုံမြို့နယ် NLD ပါတီအမတ် ဦးအောင်လှိုင်ဝင်းက သြဂုတ်လ ၁၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

"ဒီသန်း ၁၀၀ တင်မကဘူး နောက်ထပ် ချေးငွေပေါင်း အများကြီးချေးဖို့အတွက် ကော်မတီအသီးသီးကို ဆက်သွယ်ပြီး ဆောင်ရွက်နေတဲ့ ဌာနပေါင်းစုံက ပုံစံမျိုးစုံနဲ့ ချေးငွေအများကြီးရဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ ချေးငွေကြောင့် တိုးတက်သွားနိုင်ငံ တစ်နိုင်ငံမှ မရှိပါဘူး။" ဟု ဦးအောင်လှိုင်ဝင်းကဆိုသည်။

မြန်မာနိုင်ငံငွေရေးကြေးရေးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ ဒေါ်လာသန်း ၁၀၀ ချေးယူရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့သဝဏ်လွှာပေးပို့သည့်အပေါ် လွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦးက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစိုးရအနေဖြင့် အမြတ်မရအရှူံးပေါ်နေသည့် လုပ်ငန်းများကို ထောက်ပံ့မှုများ ပြုလုပ်နေခြင်း၊ နိမ့်ကျနေသည့် လုပ်ငန်းများကိုချေးငွေရယူကာ ထောက်ပံ့နေခြင်းအပေါ် ဦးအောင်လှိုင်ဝင်းက ဝေဖန်ခဲ့သည်။

"အခုဟာ အရှုံးပေါ်အရှုံးဆင့်နေတဲ့ ဘဏ်တွေကို ထောက်ပံ့ပေးမယ်ဆိုတော့ ရိုးရိုးလေး အပြင်က လုပ်ငန်းအနေနဲ့ စဉ်းစားပါ။ မြတ်တဲ့လုပ်ငန်းကိုပဲ လုပ်ငန်းရှင်က ရင်းနှီးမြျပ်နှံချင်တာပါ။ ရှုံးတဲ့ လုပ်ငန်းကို အရင်းထပ်ထည့်မယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ " ဟု ဦးအောင်လှိုင်ဝင်းကဆိုသည်။

ဝန်ထမ်းလစာတိုးချဲ့သုံးစွဲရန်အတွက် သန်း ၆၀ ချေးယူမည်ဟုဆိုသည့်အပေါ် ရှင်းရှင်းလင်းလင်း တင်ပြရန်လိုပြီး လွှတ်တော်သို့မည်သည့်ဌာနကမှ ဝန်ထမ်းလစာတိုးရန် တင်ပြထားခြင်းမရှိကြောင်း ၎င်းကပြောသည်။

"အခုလည်း ၉ ဘီလီယံအကြွေးရှိနေပါတယ်။ နိုင်ငံဘက်ဂျက်ကလည်း လိုငွေပြနေပါတယ်။ ဒီပိုက်ဆံကို ဆပ်မယ့်နည်းလမ်း ရှာလို့မရသေးတဲ့အချိန်မှာ ထပ်ချေးမယ့် ကိစ္စကတော့ စဉ်းစားရမယ့် ကိစ္စဖြစ်လို့ နောက်နောင်ချေးမယ့် ချေးငွေတွေရော စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ပေးကြပါ" ဟု ဦးအောင်လှိုင်ဝင်းက လွှတ်တော်တွင်ဆွေးနွေးခဲ့သည်။

ကမ္ဘာ့ဘဏ်မှချေးယူမည့် ဒေါ်လာသန်း ၁၀၀ကို စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၇၅ သန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၅ သန်း သုံးစွဲမည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly