အစိုးရအသုံးစရိတ် ဘီလီယံ ၄၀၀ကျော်လျော့ချခွင့်ပြုကာ အခွန်လိမ်လည်မှုကို ထိရောက်စွာအရေးယူရန် ပြည်သူ ့ငွေစာရင်းကော်မတီ တင်ပြ

အစိုးရအသုံးစရိတ် ဘီလီယံ ၄၀၀ကျော်လျော့ချခွင့်ပြုကာ အခွန်လိမ်လည်မှုကို ထိရောက်စွာအရေးယူရန် ပြည်သူ ့ငွေစာရင်းကော်မတီ တင်ပြ

နေပြည်တော်၊ သြဂုတ် ၁၂ ။              ။ လက်ရှိနိုင်ငံတော်၏ ငွေကြေးဖောင်းပွမှုအခြေအနေအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အစိုးရအသုံးစရိတ်ကို လွှတ်တော်အနေဖြင့် လျှော့ချခွင့်ပြုသင့်ပြီး အခွန်လိမ်လည်မှုကို ထိရောက်စွာအရေးယူရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သြဂုတ်လ ၁၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြလိုက်သည်။

“၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ရငွေ၊ သုံးငွေများ စိစစ်ပူးပေါင်းအဖွဲ့ (၁၇) ဖွဲ့၏ စိစစ်တင်ပြချက်အရ စုစုပေါင်းငွေကျပ် ၄၇၈,၄၅၂.၅၁၅ ကို လျှော့ချခွင့်ပြုသင့်ပါတယ် ” ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဖြစ်သူ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးေအောင်မင်းက လွှတ်တော် အစည်းအဝေးတွင် တင်ပြသည်။

ယခုဘဏ္ဍာနှစ်မှစတင်ကာ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ အခွန်ကောက်ခံမှုစနစ်ကို ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိရာတွင် အခွန်တိမ်းရှောင်မှု၊ အခွန်လိမ်လည်မှုတို့ကို ထိရောက်စွာအရေးယူနိုင်ရေး ဦးတည်ချက်ထားဆောင်ရွက်သင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

“ရိုးရှင်းလွယ်ကူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှုတို့ကို အခြေခံပြီး အခွန်တိမ်းရှောင်မှု၊ အခွန်လိမ်လည်မှုများ နှင့် စပ်လျဉ်း၍ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး ဦးတည်ချက်ထားရှိ ဆောင်ရွက်သွားသင့်ပါသည်” ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော ဘတ်ဂျတ်ဖြစ်စေရေးအတွက် ဘတ်ဂျတ်လိုငွေတွက်ချက်ရာတွင် ချေးငွေများကို ရငွေအဖြစ်ထည့်သွင်းတွက်ချက်ခြင်းမပြုသော ဆန်းစစ်ချက်ကို အခြေခံတွက်ချက်သော နည်းလမ်း
(Analytical Method) ကို ကျင့်သုံးတွက်ချက်သင့်သည်ဟု ဆိုသည်။

၂၀၁၆-၁၇ ခုဘဏ္ဍာရေးနှစ် ဘတ်ဂျက်လိုငွေ နှင့် စပ်လျဉ်း၍ ဆန်းစစ်ချက်ကို အခြေခံရေးဆွဲသောနည်းလမ်း (Analytical Method) အရ တွက်ချက်မှုတွင် ဘတ်ဂျက်လိုငွေသည် ကျပ် ၄.၆၉၉ ဘီလီယံဖြစ်ပြီး လိုငွေ နှင့် ဂျီဒီပီ အချိုးသည် ၅.၅၈ % ဖြစ်သည်။

ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းခြင်း Treasury Bill Auction ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်ကျင့်သုံးခဲ့ကာ ဗဟိုဘဏ်မှချေးယူငွေဖြစ်သည့် Treasury Bill တန်ဖိုးသည် ၂၀၁၅-၁၆ ခုနှစ်တွင် ၂.၉၆၆ ထိ တိုးတက်ဖြည့်ဆည်းပေးခဲ့ရသည်။

“Treasury Bill တန်ဖိုးသည် ၂၀၁၅-၁၆ ခုနှစ်တွင် ၂.၉၆၆ ထိ တိုးတက်ဖြည့်ဆည်းပေးခဲ့ရခြင်း နှင့် စပ်လျဉ်း၍ အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်၍ ပြုပြင်ဆောင်ရွက်သွားသင့်ကြောင်း သဘောထားမှတ်ချက်ပြုအပ်ပါသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘတ်ဂျက်အသုံးစရိတ်များကို မြေပြန့်တောင်ပေါ်ဒေသ ခွဲခြားမှုမရှိဘဲ ပြည်ထောင်စုတစ်ခုလုံးအတွက် တစ်ပြေးညီဘတ်ဂျတ် ခွင့်ပြုခြင်းအစား ဒေသအလိုက် ပကတိ ဖြစ်ပေါ်နေသည့် အခြေအနေ နှင့် ကိုက်ညီသော အသုံးစရိတ်ဖြစ်စေရန် ဆောင်ရွက်သွားသင့်သည်ဟု လွှတ်တော်သို့ပြည်သူ့ငွေစာရင်းကော်မတီက တင်သွင်းလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ပျှမ်းမျှငွေကြေးဖောင်းပွမှုသည် ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် ၂.၈၂ % ၊ ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ၂.၈၅ % ၊ ၂၀၁၃ -၂၀၁၄ ခုနှစ်တွင် ၅.၇၂ % ၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၅.၉၀ % ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၁၁.၄၄ % ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly