နာဂဒေသတွင် ဖြစ်ပွားနေသော ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရေး ရဟတ်ယာဉ် အကူအညီအရေးပေါ်လိုအပ်နေ

နာဂဒေသတွင် ဖြစ်ပွားနေသော ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရေး ရဟတ်ယာဉ် အကူအညီအရေးပေါ်လိုအပ်နေ
လဟယ်မြို့နယ်အတွင်း ကျေးလက်ဒေသတွင် နေထိုင်သည့် နာဂလူမျိုးများအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

နေပြည်တော်၊ သြဂုတ် ၁၁ ။                 ။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဇူလိုင်လ လကုန်ပိုင်းမှ စတင်၍ ကူးစက်ရောဂါ(ဝက်သက်ရောဂါ) ဖြစ်ပွားနေခြင်း ကို ထန်းချုပ်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အတွက် ရဟတ်ယာဉ် အကူအညီ အရေးပေါ် လိုအပ်နေ ကြောင်း ဒေသခံ နာဂအမျိုးသားရေးရာကောင်စီ မှ ပြန်ကြားရေးတာဝန်ခံ ဦးကေးယုံက ပြောသည်။

“ကူးစက်ခံနေရတာက ကျေးရွာပေါင်း ၁၅ ရွာ လူဦးရေ သုံးထောင်ကျော်ရှိတယ် ၊ လေယာဉ်တစ်တန် ၊ ကားတစ် တစ် တန် ၊ ဆိုင်ကယ် တစ်တန် ခြေလျင်တစ်တန် နဲ့ဆေးတွေပို့နေရတော့ အရောက်ပို့ဖို့ရာ ခက်ခဲပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ” ဟုဦးကေးယုံက ဆိုသည် ။

ရောဂါပျံနှံနေသည့်ရွာများသို့ရောက်ရှိနေသည့် ဆရာဝန်များ နှင့် ဆက်သွယ်ရန် ၊ ကျေးရွာတစ်ရွာ နှင့် တစ်ရွာ ချိတ် ဆက် ဆောင်ရွက်ရန် ဆက်သွယ်ရေး ခက်ခဲနေပြီးအကူအညီပေးရန်ပင် ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

“ သူတို့မှာ စားဝတ်နေရေးဖူလုံမှုမရှိဘူး ။ အသက်အန္တရယ်ပါစိုးရိမ်နေရတဲ့အခြေအနေရှိတယ် ။ ရောဂါကူးစက်ခံရတဲ့ ကလေး နှစ်ရာကျော်နဲ့အဲ့ဒီမှာနေထိုင်တဲ့ကလေးတွေကို ကူးစက်ဖို့ အရမ်းလွယ်ကူနေတဲ့  အနေအထားမှာရှိတယ် ” ဟု ဦးကေးယုံက ပြောသည်။

လက်ရှိတွင် ရောဂါကူးစက်မှုများ ဖြစ်ပွားနေသော နာ၈ဒေသသို့ ရဟတ်ယာဉ်များ နှင့် အမြန်ဆုံးအကူအညီပေးရန်နှင့် အစိုးရအနေဖြင့် အရေးပေါ်အခြေအနေ အဖြစ်သတ်မှတ်ကာ   ဆောင်ရွက်သင့်ပြီဟုလည်း ၎င်းက သုံးသပ် ပြောဆိုသည်။

သြဂုတ်လ ၈ ရက်နေ့အထိ အဆိုပါ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသော ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၄၁ ဦးရှိပြီ ဖြစ်ကြောင်း သိရသည် ။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နာဂဒေသအတွင်း ကူးစက်ရောဂါ (ဝက်သက်ရောဂါ)ဖြစ်ပွားနေမှုကို  ထိန်းချုပ်နိုင် ရေး အတွက် ငွေကျပ်သိန်းတစ်ထောင်ခန့် ဘတ်ဂျတ်ချထားပေးသော်လည်း လုံလောက်မှုမရှိကြောင်း ၊ အရပ်ဘက်အဖွဲ့ အစည်းများ အကူအညီပေးနိုင်ရန် စီစဉ်ပေးသင့်ကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly