ကျပ်ဘီလီယံ ၁၀၀ရှိမှ ရန်ကုန်မှာ အိန္ဒြေရရ လျှပ်စစ်မီး ပေးနိုင်မယ်လို့ YESC ဆို

ကျပ်ဘီလီယံ ၁၀၀ရှိမှ ရန်ကုန်မှာ အိန္ဒြေရရ လျှပ်စစ်မီး ပေးနိုင်မယ်လို့ YESC ဆို
ရန်ကုန်မြို့ရှိ အဆောက်အဦများအား ညပိုင်းတွင် မြင်တွေ့ရစဉ်(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၁၊ ၂၀၁၆ခုနှစ်)။ ။ လာမည့် နွေရာသီကာလအတွင်း ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိအောင် ကြိုတင်ပြင်ဆင်နေသော်လည်း ငွေအသုံးစရိတ် အလုံအလောက်မရှိသောကြောင့် အာမမခံနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ အထွေထွေမန်နေဂျာ ဦးသန့်ဇင်က ပြောသည်။

"လာမယ့် နွေရာသီ မီးပြတ်ဦးမလားဆိုတော့ တတ်နိုင်သလောက် မပြတ်အောင် ကြိုးစားပါတယ်။ မပြတ်ပါဘူးလို့တော့ ကျွန်တာ်တို့ အာမမခံနိုင်ပါဘူး။ မခံနိုင်ရတဲ့ အကြောင်းက ပြီးပြည့်စုံအောင်လုပ်နိုင်တဲ့စွမ်းအား မရှိသေးပါဘူး"

ရန်ကုန်တွင် လျှပ်စစ်မီးအလုံအလောက်ပေးနိုင်ရန်မှာ ကျပ်ငွေ ဘီလီယံ ၁၀၀ခန့် သုံးစွဲရန်လိုအပ်မည် ဖြစ်သော်လည်း YESC အနေဖြင့် တစ်နှစ်လျှင် အများဆုံး ၂၀ဘီလီယံခန့်သာ ဝင်ငွေရှိသည်ဟု နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင်  ဩဂုတ်လ ၁၁ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသန့်ဇင်က ပြောသည်။

"အသုံးစရိတ်ဆိုတာ ခနခနပြောလို့ရှိရင် ပြည်သူတွေကလည်း သိပ်မကြိုက်ပါဘူး။ မကြိုက်ပေမယ့်လည်း ကျွန်တော်တို့ကလည်း ဒါပဲပြောရမှာပဲ။ ပိုက်ဆံမရှိဘဲနဲ့တော့ ဓာတ်အားခွဲရုံတွေ တိုးချဲ့တာ၊ ဓာတ်အားလိုင်းတွေ တိုးချဲ့တာ လုပ်လို့မရပါဘူး" ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

YESC အနေဖြင့် လိုအပ်သည့် အသုံးစရိတ်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားသလို တိုင်းအစိုးရအနေဖြင့်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ထပ်မံတင်ပြထားသည်ဟု သိရသည်။

"ကျွန်တော်တို့က တစ်နှစ်ကို အလွန်ဆုံးရှာနိုင်ရင် ၂၀ဘီလီယံပဲ ရှာနိုင်တယ်။ နောက်ထပ် ၁၀၀ဘီလီယံလောက် ဖြည့်နိုင်မယ်ဆိုရင်တော့ တော်တော်လေး အိန္ဒြေရရ ပေးလို့ရမယ်" ဟု ဦးသန့်ဇင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားအများဆုံးသုံးသည့် ပမာဏမှာ ပြီးခဲ့သည့် ဧပြီလ အတွင်းတွင် ၁၂၀၀ မဂ္ဂါဝပ်အထိ ဖြစ်ခဲ့သည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) အနေဖြင့် ၂၀၁၆ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လများအတွင်း တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၄၀ခုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဩဂုတ်လ ၁၁ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ဓာတ်အားစနစ်တကျသုံးစွဲနိုင်ရေးအတွက် ရည်လျား၍ ရှုပ်ထွေးနေသည့် ဆားဗစ်ကြိုးများကို မြို့နယ် ၄ခုတွင် စံနမူနာထားပြီး ရှင်းလင်းလျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။ သို့ရာတွင် ရှင်းလင်းရမည့် ရှုပ်ထွေး ဆားဗစ်အရေအတွက်မှာ ၄၀၄ခုဖြစ်သော်လည်း ဆောင်ရွက်ပြီးစီးမှုအခြေအနေမှာ ၁၁၄ခုသာရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လျှပ်စစ်မီး မကြာခနပြတ်တောက်မှုအပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထူးဂရုစိုက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြီးခဲ့သည့်  မေလ ၃၁ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အသိပေး ပြောဆိုထားသည်။

"လျှပ်စစ်နဲ့ပတ်သက်လို့ အနည်းငယ်ရှင်းလင်းလိုပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ အခုဆို ဂျာနယ်တွေမှာပါ တဲ့ ကာတွန်းတစ်ချို့တွေ့မိမယ်လို့ ယူဆပါတယ်။ ကာတွန်းတွေက ဘယ်လိုပြောလဲဆို ဟိုတုန်းက မီးကခဏ ခဏပျက်တယ်တဲ့။ အခုတော့ ခဏခဏ မလာဘူးတဲ့။ ဒါလေးကို လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ အထူး သတိချပ် ပြီးတော့ ဂရုစိုက်စေလိုပါတယ်" ဟု ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags