IS အဖွဲ့ဝင် ၈၀ကျော်ရောက်ရှိဆိုသည့်သတင်းမှာ မှားယွင်းဖော်ပြမှုသာဖြစ်ဟုဆို

IS အဖွဲ့ဝင် ၈၀ကျော်ရောက်ရှိဆိုသည့်သတင်းမှာ မှားယွင်းဖော်ပြမှုသာဖြစ်ဟုဆို

ရန်ကုန်၊ သြဂုတ် ၁၀ ။  ။ “အစွန်းရောက်ဘာသာခေါင်းဆောင်များရောက်ရှိနေကြောင်း သတိပြုရန်ကိစ္စ" ခေါင်းစဉ်ဖြင့် ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပါစုအုပ်ချုပ်ရေးမှူးမှ ထုတ်ပြန်ခဲ့သည့် သတိပေးစာသည် မှားယွင်းဖော်ပြမှုသာဖြစ်ပြီး “အစွန်းရောက်ဘာသာရေး ခေါင်းဆောင်များရောက်နိုင်ကြောင်း” ကိုသာဖော်ပြရမှာဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဘီးထုက မဇ္ဈိမကိုအတည်ပြုပြောကြားသည်။ 

မြို့နယ်အဆင့်မှညွန်ကြားစာကို လုပ်ခဲ့ကြောင်း အဓိကဖော်ပြရာမှာ အုပ်စုအုပ်ချုပ်ရေးမှူးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ ပို့သည့်စာမှာ ခေါင်းစဉ် အနည်းငယ်မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဦးဘီးထုကပြောသည်။

“စာကိုကြည့်ရင်တော့သိသာပါတယ်။ ဖယ်ခုံမြို့နယ်မှာ IS စစ်သွေးကြွတွေရောက်နေတယ်ဆိုတာ တစ်လုံးမှမပါဘူး၊ ခေါင်းစည်းမှာတော့နည်းနည်းမှားယွင်းသွားတယ်ပေါ့နော်” ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌဖြစ်သူ ဦးဘီးထုက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် အစွန်းရောက်ဘာသာရေးခေါင်းဆောင်များ ရောက်ရှိနေကြောင်း သတိပြုရန်ကိစ္စဟု ခေါင်းစဉ်တပ်ကာ သြဂုတ်လ ၆ရက် ရက်စွဲဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (သူကြီး)ထံ လိပ်မူကာ ကျေးရွာအုပ်ချုပ်ရေးမှူးက စာပေးပို့ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မှားယွင်းဖော်ပြမှုမှာ သတင်းကို ချဲ့ကားသကဲ့သို့ ဖြစ်စေပြီး ဖယ်ခုံမြို့နယ်အတွင်းက လူထုကို စိုးရိမ်မှုဖြစ်စေနိုင်သလို ဒေသ မတည်မငြိမ် ဖြစ်ပွားနိုင်သည့်အတွက် မလုပ်သင့်သည့်အရာတစ်ခုဟု ယူဆကြောင်း ၎င်းက ပြောသည်။ 

ပြည်သူလူထုကြားတွင် စိုးရိမ်မှုတွေရှိနေသောကြောင့် အရေးကြီးသည့်ညွန်ကြားချက်များကို တိကျစွာ စိစစ်ထုတ်ပြန်သင့်ကြောင်း ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအား တိုက်တွန်းလိုပါသည်ဟု ကယန်းအမျိုးသားပါတီမှ သြဂုတ်လ ၁၀ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags