အဂတိကင်းဖို့ အစိုးရကို တိုက်တွန်းရုံနဲ့ မရ၊ အထောက်အထားနဲ့ တိုင်ကြဖို့ ဦးဝင်းမြင့်ပြော

အဂတိကင်းဖို့ အစိုးရကို တိုက်တွန်းရုံနဲ့ မရ၊ အထောက်အထားနဲ့ တိုင်ကြဖို့ ဦးဝင်းမြင့်ပြော
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၀၊ ၂၀၁၆)။ ။ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် အစိုးရကို တိုက်တွန်းနေရုံနှင့် မလုံလောက်ဘဲ ခိုင်လုံသည့်အထောက်အထားများဖြင့် တိုင်ကြားကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“အဂတိလိုက်စားမှုများကို ထိရောက်စွာ တိုက်ဖျက်ဖို့ဆိုရင် ပြည်ထောင်စုအစိုးရကိုပဲ တိုက်တွန်းရုံနဲ့ မလုံလောက်နိုင်ပါဘူး။ အဂတိကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ဖို့အတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်များ၊ အဖွဲ့အစည်းအသီးသီး၊ မီဒီယာများ၊ ပြည်သူလူထုတစ်ရပ်လုံးက ခိုင်လုံတဲ့အထောက်အထားများနဲ့ တိကျမှန်ကန်စွာ ဖော်ထုတ်ပြီး တိုင်ကြားကြဖို့ ပန်ကြားအပ်ပါတယ်” ဟု ဦးဝင်းမြင့်က ဩဂုတ်လ ၁၀ရက်တွင် ပြောသည်။

လက်ရှိလွှတ်တော်သက်တမ်းတွင် အမတ်အများဆုံး ဝင်ရောက်ဆွေးနွေးသော “နိုင်ငံအဝှမ်း အဂတိလိုက်စားမှုများ သိသာထင်ရှားစွာ ကျဆင်းလျှော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆို ဆွေးနွေးမှုအပြီးတွင် ဦးဝင်းမြင့်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသန်းဝင်း၏ အထက်ပါ အဆိုအား လွှတ်တော်အမတ် ၃၁ဦးက ထောက်ခံဆွေးနွေးကြပြီး အများစုက အစိုးရအဆက်ဆက်၏ အဂတိလိုက်စားမှုများကို ဝေဖန်ထောက်ပြခဲ့ကြသည်။ ယင်းအဆိုအား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူ မရှိဘဲ အဆို အတည်ဖြစ်ခဲ့သည်။ သို့ရာတွင် လွှတ်တော်အမတ် ၁၈ဦးမှာ ဝင်ရောက်မဲပေးခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

လက်ရှိပြဌာန်းထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ဦးဝင်းမြင့်က ဥပဒေကြမ်းကော်မတီအား ညွှန်ကြားခဲ့သေးသည်။

“ဥပဒေကြမ်းကော်မတီအနေနဲ့ အဂတိလိုက်စားမှုကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြန်လည်စိစစ်လေ့လာသုံးသပ်ပေးပါရန် ပန်ကြားအပ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

အဂတိလိုက်စားမှုများကို အချိန်တိုအတွင်း နှိမ်နင်းနိုင်ရန်မှာ အခက်အခဲရှိနေသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးမြဝင်းက လွှတ်တော်တွင် ပြောသည်။

အဘယ်ကြောင့်ဆိုသော် အဂတိလိုက်စားမှုများနှင့်ပတ်သက်ပြီး ကော်မရှင်သို့ ပြည်သူများက တိုင်ကြားလာသည့် တိုင်စာပါအကြောင်းအရာများမှာ သက်သေမခိုင်လုံသလို အချို့တိုင်စာများမှာလည်း သက်သေအထောက်အထားမပါခြင်းကြောင့် ကော်မရှင်အနေဖြင့် အရေးယူနိုင်မှု နည်းပါးနေခြင်းဖြစ်သည်ဟု ဦးမြဝင်းက ပြောဆိုသည်။

“အဂတိလိုက်စားမှုများတွင် တောင်းသူရှိ၍ ပေးနေခြင်း ရှိသကဲ့သို့ ပေးသူရှိ၍ ယူသူလည်း ရှိနေခြင်း ဖြစ်သည့်အတွက် ပေးသူကလည်း မပေးစေရန်၊ တောင်းသူ၊ ယူသူကလည်း မတောင်း၊ မယူစေရန် စိတ်ဓာတ်များ ပြုပြင်ရေးဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ပါတယ်” ဟု ဦးမြဝင်းက ဆိုသည်။

အစိုးရသစ်အနေဖြင့် အဂတိတရားကင်းစင်ရေးအတွက် ဝန်ထမ်းများ လိုက်နာရမည့် လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

အဂတိလိုက်စားမှုများရှိပါက ကိုယ်တိုင်တရားစွဲမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အမတ်များကို ပြောဆိုထားသည်ဟု ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်နှင်းသစ်က လွှတ်တော်တွင် ပြောသည်။

Transparency International ၏ ၂၀၁၅ခုနှစ်အတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၆၈နိုင်ငံအနက် အဆင့် ၁၄၇တွင် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly