တရုတ်စမတ်ဖုန်း Vivo ကြော်ငြာမော်ဒယ်အဖြစ် ဆောင်းဂျွန်ကီကို သရုပ်ဆောင်ခိုင်းတော့မည်မဟုတ်

တရုတ်စမတ်ဖုန်း Vivo ကြော်ငြာမော်ဒယ်အဖြစ် ဆောင်းဂျွန်ကီကို သရုပ်ဆောင်ခိုင်းတော့မည်မဟုတ်

ဆိုးလ်၊ သြဂုတ် ၁၀ ။         ။ တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo က တောင်ကိုရီးယား မင်းသား ဆောင်းဂျွန်ကီကို ၎င်းတို့၏ကြော်ငြာတွင် သရုပ်ဆောင်ခိုင်းတော့မည် မဟုတ်ကြောင်း   China နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။ဆောင်းသည် မေလမှစ၍  Vivo ကုမ္ပဏီ၏ ကြော်ငြာများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Vivo ကုမ္ပဏီသည် ဆောင်းကို ကြော်ငြာမော်ဒယ်အဖြစ် တစ်နှစ်လျှင်  အနုပညာကြေး ယွမ် ၂၂သန်းကျော် ( အမေရိကန်ဒေါ်လာ ၃ဒသမ၃သန်း) ဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ဆောင်းသည်  KBS ရုပ်သံ၏ ဒရမ်မာဇာတ်ကား “ Descendants of the Sun” ဖြင့် တရုတ်ပရိသတ်များအကြား နာမည်ကျော်ကြားခဲ့သော မင်းသားတစ်ဦးဖြစ်ခြင်းကြောင့်  ငယ်ရွယ်သော သုံးစွဲသူများကို ဆွဲဆောင်ရာတွင် အကူညီဖြစ်စေကြောင်း  Vivo ကုမ္ပဏီက ပြောကြားသည်။

စာချုပ်ဖောက်ဖျက်မှုသည် ဆောင်း၏ အမှားကြောင့် မဟုတ်သောကြောင့် ကုမ္ပဏီအနေဖြင့် ဆောင်းအပေါ် ဝတ္တရားရှိသည့်အတိုင်း အနုပညာကြေးများအားလုံးကို ပေးသွားမည်ဖြစ်ကြောင်း  Vivoကုမ္ပဏီက ပြောကြားသည်။

စာချုပ်အဆုံးသတ်ခဲ့မှုသည်  တရုတ်နိုင်ငံတွင် ကိုရီးယားအနုပညာရှင်များ၏ လှုပ်ရှားမှုများအပေါ် တရုတ်အစိုးရ၏တားမြစ်ပိတ်ပင်မှုကြောင့် ဖြစ်သည်။ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီယားခြိမ်းခြောက်မှုများမှ ကာကွယ်သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံအတွင်း ဒုံးကျည်ကာကွယ်ရေးစနစ် ( THAAD) ကို ဖြန့်ချခဲ့မှုကြောင့် တရုတ်နိုင်ငံအတွင်း ကိုရီးယားအနုပညာရှင်များ၏ အနုပညာလှုပ်ရှားမှုများကို တရုတ်အစိုးရက တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly