အိန်ဂျလီနာဂျိုလီ Georgetown တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် သင်ကြားသွားမည်မဟုတ်

အိန်ဂျလီနာဂျိုလီ Georgetown တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် သင်ကြားသွားမည်မဟုတ်
(ဓာတ်ပုံ - အီးပီအေ)

ဟောလိဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီသည် Georgetown တက္ကသိုလ်တွင် ဧည့်ပါ မောက္ခအဖြစ် သင်ကြားသွားမည်ဟု သတင်းများထွက်ပေါ်နေသော်ငြားလည်း ယင်းသတင်းသည် မဟုတ်ကြောင်း Georgetown တက္ကသိုလ်က ပြောကြားခဲ့သည်။

“ကျွန်မတို့ လန်ဒန် စီးပွားရေးတက္ကသိုလ်နဲ့ မိတ်ဖက်လုပ်ဆောင်နေပါတယ်။ အိန်ဂျလီနာဂျိုလီနဲ့ ဝီလျံဟိတ်တို့ဟာ Georgetwon တက္ကသိုလ်မှာ စာသင်ကြားပေးဖို့ အစီစဉ်ရှိပါတယ်။ လက်ရှိ အချိန်မှာတော့ ဂျိုလီအနေနဲ့ Georgetown တက္ကသိုလ်မှာ သင်ကြားဖို့ အစီစဉ်မရှိပါဘူး”ဟု Georgetwon တက္ကသိုလ်မှ ကိုယ်စားလှယ် ရာချဲလ်ပက်ရှ်က People မဂ္ဂဇင်းကို ပြောကြားသည်။

ဂျိုလီသည် လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ  မာစတာဒီဂရီ သင်ရိုးသစ်အတွက် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလက ထုတ်ပြန်ကြေညာခဲ့သည်။ အိန်ဂျလီနာဂျိုလီသည် ဗြိတိန်နိုင်ငံရေးသမား ဝီလျံဟိတ်နှင့်အတူ သင်ကြားပေးသွားမည်ဖြစ်သည်။

“မာစတာဒီဂရီ သင်ရိုးသစ် ဖန်တီးမှုဟာ ကျွန်မကို အရမ်း အားတတ်စေပါတယ်။အခြားသော ပညာရေးပြဋ္ဌာန်းချက်များဟာ ဒီပုံစံအတိုင်း လိုက်နာကျင့်သုံးမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ အမျိုးသမီများရဲ့ အခွင့်အရေးကို မြှင့်တင်တဲ့နေရာမှာ ဘယ်လိုလုပ်ဆောင်သွားရမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျွန်မတို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ အရေကြီးတယ်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကဲ့သို့သော  အမျိုးသမီများအပေါ် ကျရောက်တဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့လည်း အရေးကြီးပါတယ်” ဟု ဂျိုလီက အစီရင်ခံစာတွင် ပြောကြားထားသည်။

“ကျောင်းသားတွေဆီကနေ သင်ကြားမှုတွေ သင်ယူမှုတွေရဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့များနဲ့ ကုလသမဂ္ဂနဲ့အတူ အလုပ်လုပ်ရာမှ ရရှိတဲ့ ကျွန်မရဲ့ အတွေ့အကြုံတွေကို မျှဝေသွားမှာပါ” ဟု ဂျိုလီက ပြောကြားသည်။

“Georgetown တက္ကသိုလ်မှာ ဂျိုလီနှင့် ဟိတ်တို့ သင်ကြားပေးနိုင်တဲ့ ဘယ်အချိန်မဆို သူတို့ရဲ့အတွေ့အကြုံတွေနဲ့ အမြင်များကို မျှဝေပေးဖို့ ဖိတ်ခေါ်ထားပါတယ်”ဟု ပက်ရှ်က ပြောကြားသည်။

Ref; People

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly