နေပြည်တော်သို့ မောင်းနှင်လာသည့်ကားပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

နေပြည်တော်သို့ မောင်းနှင်လာသည့်ကားပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
 

နေပြည်တော်(ဩဂုတ် ၈၊ ၂၀၁၆ခုနှစ်)။ ။ ပင်လောင်းဘက်မှ နေပြည်တော်ဘက်သို့ ဦးတည်မောင်းနှင်လာသော  မော်တော်ယာဉ်တစ်စီးပေါ်တွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈၀၀ပြားအား ဩဂုတ် ၇ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ပင်လောင်းမြို့နယ်ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

စိတ်ကြွမူးယစ်ဆေးပြားများအား ရန်ကုန်ဘက်သို့ သယ်ဆောင်မည့်သတင်းအရ ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေစဉ် ပင်လောင်း - နေပြည်တော်ကားလမ်းမပေါ်မှ မောင်းနှင်လာသည့် တိုယိုတာ(ကိုရိုလာ)အမျိုးအစား အနက်ရောင်မော်တော်ယာဉ်အား တားဆီးစစ်ဆေးရာမှ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် လူဦးရေ ၆ဦးပါဝင်ပြီး မော်တော်ယာဉ်အားရပ်တန့်စေကာ ရှာဖွေစစ်ဆေးရာတွင် ယဉ်မောင်းထိုင်ခုံအောက်အတွင်း လျှို့ဝှက်သယ်ဆောင်လာသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၀၀ပြားအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် အဆိုပါ မော်တော်ယာဉ်အား မောင်းနှင်လာသူနှင့် လိုက်ပါလာသူ စုစုပေါင်း ၆ဦးစလုံးအား ပုဒ်မ ၁၅/၁၉(က)ဖြင့် ပင်လောင်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ထားသည်။

ဖမ်းဆီးရရှိသော စိတ်ကြွရူးသွပ်ဆေးပြားများသည် ကာလတန်ဖိုးအားဖြင့် ကျပ်ငွေ(၂၄)သိန်းခန့်တန်ကြေးရှိပြီး သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ပင်လောင်းမြို့နယ်ရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags