လက်နက်စွန့်ရန်မလိုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ခွင့်ပြုုခြင်းအပေါ် AA နှင့် TNLA ကြိုဆို

လက်နက်စွန့်ရန်မလိုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ခွင့်ပြုုခြင်းအပေါ် AA နှင့် TNLA ကြိုဆို
မိုင်ဂျာယန်အစည်းအဝေး တက်ရောက်လာသည့် ရခိုင်လက်နက်ကိုင်အဖွဲ့-AA မှ တာဝန်ရှိသူများ။ (ဓာတ်ပုံ-ခင်စုကြည်)

ချင်းမိုင်၊ သြဂုတ် ၈ ။           ။ ရခိုင်၊ ပလောင်နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို လက်နက်စွန့်ရန် မလိုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက် ရောက် ခွင့်ပေးမည်ဆိုသည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် ပြောဆိုမှုအပေါ် ကြိုဆိုကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိသည်ဟု AA နှင့် TNLA မှ ပြောရေး ဆိုခွင့်ရှိ သူများက ပြောသည်။

AA, TNLA နှင့် MNDAA သုံးဖွဲ့ကို လက်နက်စွန့်လွှတ်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခွင့် ပြုမည် ဟု တပ်မတော်က ပြောဆိုထားသော်လည်း ယခုလ လဆန်းပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အကြို ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ရိုက်တာသတင်းဌာနနှင့် မေးမြန်းခန်း တစ်ခုတွင် လက်နက်စွန့်လွှတ်ရန်မလိုပဲ ငြိမ်းချမ်းရေးဆွေးနေါးပွဲသို့ တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အားလုံးပါဝင်ရေး၊ အားလုံးပါဝင်ပြီး ညီလာခံတက်ဖို့အတွက် ခွင့်ပြုမယ်လို့ ပြောတဲ့အပေါ်မှာတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က NCA စာချုပ်မှာ အတူတူရေးခဲ့တဲ့ထဲမှာ ကျနော်တို့ သုံးဖွဲ့ လုံးပါဝင်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ အဖွဲ့ ၆ ဖွဲ့ကို အကန့်အသတ်တွေ ထားပြီးတော့ အပစ်အခတ် ရပ်စဲရေးမှာ မပါစေလို့တဲ့ တပ်မတော်ရဲ့ သဘောထား အပေါ်မှာ ကျနော်တို့တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ တယ်ပေါ့နော်”ဟု AA မှ ဒုဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

လက်နက်ကိုင် အင်အားစုအဖွဲ့များ အားလုံးပါဝင်ရေးကို တပ်မတော်က လက်ခံခဲ့သည့်အတွက် လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော် တွေ့ဆုံဆွေးနွေးရေးတွင် ပျော့ပျောင်းလာကာ အလားအလာကောင်းများ ထွက်ပေါ် လာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၏ ပြောဆိုမှုနှင့် ပတ်သက်၍ ၎င်းတို့အဖွဲ့အစည်းများထံသို့ တရားဝင် စာပေးပို့ခြင်း မရှိ သေးသော်လည်း ထိုသို့ ပြောကြားမှုအပေါ် TNLA အနေဖြင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အ ဆင်သင့်ရှိသည်ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ပြောသည်။

“ကျနော်တို့ဆီ တိုက်ရိုက်ပြောတာတော့ မရှိဘူး။ လက်နက်စွန့်စရာမလိုဘဲ ငြိမ်းချမ်းရေးထဲပါလို့ရတယ်။ ဒါပေမဲ့ လက်နက်စွန့်ချင်တဲ့ ဆန္ဒတော့ ပြရမယ် အဲဒီလိုမျိုးတော့ ပြောတာပေါ့နော်။ ကျနော်တို့အတွက်တော့ တော်တော်လေး အဆင်ပြေတာပေါ့နော်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ မကြာခဏ မူဝါဒတွေ၊ သဘောထားတွေ မကြာခဏထုတ်ပြန်တာရှိတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လမ်းစဉ်ကို လိုက်ဖို့ အမြဲတမ်း အဆင်သင့်ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လာမည့် ရက်သတ္တပတ်အတွင်း အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီမှ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် မိုင်းလား ဒေသတွင် တွေ့ဆုံရန် အလွတ်သဘော သဘောတူညီထားသည်ဟု သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် TNLA နှင့် မြန်မာ့တပ်မတော်တို့အကြား သြဂုတ်လ ၂ ရက်ထိ တိုက်ပွဲများ ဖြစ် ပွားခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags