ဝန်ထမ်းလစာစရိတ် ချီးမြှင့်ငွေ တိုးချဲ့ရန် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၆၀ ချေးဖို့ သမ္မတက လွှတ်တော်သို့ တင်ပြ

ဝန်ထမ်းလစာစရိတ် ချီးမြှင့်ငွေ တိုးချဲ့ရန် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၆၀ ချေးဖို့ သမ္မတက လွှတ်တော်သို့ တင်ပြ

နေပြည်တော်၊ သြဂုတ် ၈ ။                ။ ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေလုပ်ငန်းတိုးချဲ့ရန်အတွက် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူနိုင်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့တင်ပြထားကြောင်း လွှတ်တော်အမတ်များထံမှ သိရသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန "ကမ္ဘာ့ဘဏ်၏ဘတ်ဂျတ်ထောက်ပံ့မှုအစီအစဉ်အရ အကျုံးဝင်သည့် အသုံးစရိတ်များဖြစ်သော ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေ လုပ်ငန်းတိုးချဲ့ရန်အတွက် သာမာန်အသုံးစရိတ်" အတွက် ချေးငွေ သန်း ၆၀ ဟုဖော်ပြပါရှိသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အောက်ရှိ စီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း တစ်ရာချေးယူမည်ဖြစ်ကြောင်း သြဂုတ်လ ၅ ရက်နေ့ရက်စွဲဖြင့် သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံသို့ပေးပို့ခဲ့ခြင်းဖြစ်သည်။

"ဝန်ထမ်းတွေ လစာတိုးဖို့ဆိုတာတော့ သေချာမသိသေးပါဘူး မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ ရှင်းမှပဲသေချာသိရမှာ" ဟု အမျိုးသားလွှတ်တော်အမတ် တစ်ဦးကပြောသည်။

ယင်းချေးငွေ ကန်ဒေါ်လာသန်း တစ်ရာဖြင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု သမ္မတက လွှတ်တော်သို့တင်ပြထားသည်။

ယင်းချေးငွေ ရယူမည့် သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ၆ နှစ် ပြန်ဆပ်ကာလ ၃၂ နှစ် ဖြင့် သက်တမ်း ၃၈ နှစ် ဖြစ်ကာ အတိုးမဲ့ချေးငွေဖြစ်ကြောင်း သိရသည်။

ယင်းချေးငွေရယူရန် နှင့် ပက်သက်၍ သြဂုတ်လ ၉ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ လာရောက်ရှင်းလင်ကာ လွှတ်တော်တွင် ဆွေးနွေးကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly