အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများကို ရာထူးတိုးပေးရန် စီစဉ်နေဟု ပညာရေးဝန်ကြီးပြော

အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများကို ရာထူးတိုးပေးရန် စီစဉ်နေဟု ပညာရေးဝန်ကြီးပြော
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၈၊ ၂၀၁၆ခုနှစ်)။ ။ အစိုးရသစ်အနေဖြင့် အရည်အသွေးမြင့်ပညာရေးကို အကောင်အထည်ဖော်နိုင်ရန် ရင့်ကျက်သော၊ အတွေ့အကြုံရှိသော၊ အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများအား ပိုမိုကောင်းမွန်သည့် ရာထူးတိုးမြှင့်ရေးအစီအစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

၂၀၁၆ခုနှစ်၊ ဩဂုတ် ၈ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်း၊ ကံမမြို့နယ်အမတ် ဦးစိန်ဟန်က “ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမများကို ရာထူးတစ်ခုတွင် လုပ်သက်(၂)နှစ်ပြည့်ပြီး အသက်(၅၉)နှစ် ပြည့်ပြီးပါက ဂုဏ်ထူးဆောင်ရာထူးတိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ" ဟူ၍ မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုအပေါ် လာရောက်ဖြေကြားသည့် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာအဆင့်အတွင်း အရည်အသွေးမြင့်ပညာရေးစနစ် အကောင်အထည်ဖော်ရန် ဆရာ၊ ဆရာမများအား ရာထူးတိုးမြှင့်ရေးအစီအစဉ်များ စီစဉ်နေကြောင်း အောက်ပါအတိုင်းပြောသည်။

“ရင့်ကျက်သော၊ အတွေ့အကြုံရှိသော၊ အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများဖြင့် အရည်အသွေးမြင့်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သည့် ရာထူးတိုးမြှင့်ရေးအစီအစဉ်များ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအစီရင်ခံအပ်ပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်တွင် ပြောဆိုသည်။

အစိုးရသစ်လက်ထက်တွင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ အရည်အသွေးမြင့်မားရေးနှင့် လူမှုဘဝဖူလုံရေးတို့အတွက် ရေရှည်တည်တံ့မည့် အစီအစဉ်များချမှတ်နိုင်ရန် ပညာရေးဝန်ထမ်းများအတွင်း လေ့လာဆန်းစစ်မှုများနှင့် ဆွေးနွေးပွဲများ လုပ်ဆောင်နေသည်ဟု ဝန်ကြီးက ဆိုသည်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွင် ဆရာ၊ ဆရာမများ၏ ဘဝရပ်တည်ရေးအတွက် ၎င်းတို့၏ အခက်အခဲကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ဩဂုတ် ၄ရက်က ပြုလုပ်သည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(ဆရာအတတ်ပညာကဏ္ဍ)တွင် ပြောဆိုထားသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “လစာများတာ၊ နည်းတာဆိုတာ စကားပြောပါတယ်။  ပီတိချည်းပဲစားလို့ လက်တွေ့တော့ မကျပါဘူး။ ထမင်းလည်းစားဖို့ လိုပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲတွေကို ပညာရေးစနစ်ကို ပြောင်းလဲတဲ့နေရာမှာ ထည့်ြ့ပီးတော့တွက်ဖို့ လိုပါတယ်” ဟု ပြောသည်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ ပြောဆိုချက်အရ ပညာသင်ဆုရရှိသော မူလတန်းကျောင်းအုပ်များ၊ ပညာရေးဘွဲ(B.Ed) ရရှိပြီးသော မူလတန်းကျောင်းအုပ်များ၊ လုပ်သက်ရမှတ် (၆၃ဒဿမ ၁၂)အထက်ရှိသူ မူလတန်းကျောင်းအုပ်ကြီးများနှင့် အသက်(၅၉)နှစ်ပြည့်ပြီးသော မူလတန်းကျောင်းအုပ်ကြီးများအား အထက်တန်းပြလစာနှုန်းထားအတိုင်း ၂၀၁၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ခံစားခွင့်ပြုခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly