လေးနှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်လိုက်ပြီဖြစ်တဲ့ ဒရူးဘယ်ရီမိုးနဲ့ ဝေးလ်ကိုပဲလ်မန်တို့ ဇနီးမောင်နှံ

လေးနှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်လိုက်ပြီဖြစ်တဲ့ ဒရူးဘယ်ရီမိုးနဲ့ ဝေးလ်ကိုပဲလ်မန်တို့ ဇနီးမောင်နှံ
(ဓာတ်ပုံ - အီးပီအေ)

ဟောလီဝုဒ်စုံတွဲ ဒရူးဘယ်ရီမိုးနှင့် ဝေးလ်ကိုပဲလ်မန်တို့သည် တရားဝင် ကွာရှင်းပြတ်စဲခဲ့ပြီး ၎င်းတို့၏ လေးနှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒရူးဘယ်ရီမိုးတို့ ဇနီးမောင်နှံ၏ ကွာရှင်းမှုကို သြဂုတ် ၃ ရက်က အတည်ပြုပေးခဲ့ကြောင်း တရားရုံး မှတ်တမ်းများတွင် ဖော်ပြထားသည်။ ဒရူးဘယ်ရီမိုးသည် ကွားရှင်းပြတ်စဲခြင်း စာရွက်စာတမ်းများကို တရားရုံးတွင် လျှောက်ထားခဲ့ပြီးနောက် တစ်လမပြည့်ခင် ယခုကဲ့သို့ တရားရုံး၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဒရူးဘယ်ရီမိုးနှင့် အသက် ၃၉ နှစ်အရွယ်ရှိ ကိုပဲလ်မန်တို့နှစ်ဦးသည် မိတ်ဆွေသူငယ်ချင်းများအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်က စတင်တွဲခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန် ၂ ရက်တွင် လက်ထပ်ခဲ့ကြသည်။

ဒရူးဘယ်ရီမိုးတို့ ဇနီးမောင်နှံသည် ဧပြီလက လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်းတို့ နှစ်ဦးသည် ဇနီးမောင်နှံအဖြစ် ရှိနေမည်မဟုတ်ကြောင်းနှင့် မိသားစုအဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ ဝမ်းနည်းစွာနဲ့ပဲ တရားဝင် ကွာရှင်းလိုက်ပါပြီ။ ဒါပေမဲ့ ကွာရှင်းမှုနဲ့ ပတ်သက်လို့ ကျွန်မတို့ မိသားစုအဖြစ်ကနေ ကွာဝေးသွားတယ်လို့ မခံစားရပါဘူး”ဟု ဒရူးဘယ်ရီမိုးတို့ ဇနီးမောင် နှံက PEOPLE မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

”ကျွန်မတို့ရဲ့ သားသမီးတွေဟာ ကျွန်မတို့ရဲ့ ကမ္ဘာပါပဲ။ ကျွန်မတိုရဲ့ ကျန်ရှိနေတဲ့ ဘဝကို သားသမီးတွေနဲ့အတူ ရှင်သန်နေထိုင်သွားဖို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းတို့နှစ်ဦးက ပြောကြားခဲ့သည်။

ဒရူးဘယ်ရီမိုးနှင့် ကိုပဲလ်မန်တို့တွင် အသက် ၃ နှစ်အရွယ် အိုလစ်ဗ်နှင့် အသက် နှစ်နှစ်အရွယ် ဖရန်ကီအမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။

Ref; Yahoo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly