စပါးစိုက်ခင်းများ ပျက်စီးပါက မျိုးစပါးများထုတ်ပေးရန် အစိုးရ ပြင်ဆင်ထား

စပါးစိုက်ခင်းများ ပျက်စီးပါက မျိုးစပါးများထုတ်ပေးရန် အစိုးရ ပြင်ဆင်ထား
(ဓာတ်ပုံ- မျိုးသူရကိုကို/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၅၊ ၂၀၁၆ခုနှစ်)။ ။ ရေကြီးမှုကြောင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ ပျက်စီးသွားပါက လယ်သမားများအား သက်တမ်းနု မျိုးစပါးများ ထုတ်ပေးရန် ပြင်ဆင်ထားသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက မဇ္ဈိမကို ပြောသည်။

“နှစ်စဉ်မှာ အတွေ့အကြုံတွေရှိပြီးဖြစ်တဲ့အတွက် ဒေသအလိုက် မျိုးစပါးလိုအပ်ချက်ကို ရုံးချုပ်က တွက်ထားပြီးဖြစ်တယ်။ ဒေသအလိုက် ပျက်စီးဆုံးရှုံးမှုရှိရင် အဆင်သင့်ပံ့ပိုးဖို့ အားလုံးစုဆောင်းထားပြီးဖြစ်ပါတယ်။ ဒီအတွက်က ပူစရာမရှိပါဘူး” ဟု ဩဂုတ်လ ၅ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ဒေါက်တာထွန်းဝင်းက ပြောသည်။

ဧရာဝတီ၊ ချင်းတွင်းနှင့် ငဝန်မြစ်ရေတို့ မြှင့်တက်မှုကြောင့် လက်ရှိတွင် စိုက်ပျိုးပြီးသည့် မိုးစပါးဧကပေါင်း ၂သောင်းခန့် ရေနစ်မြုပ်နေပြီဟုလည်း ဒေါက်တာထွန်းဝင်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်တွင်မူ မိုးစပါးစိုက်ဧကပေါင်း နှစ်သိန်းခန့် ရေနစ်မြုပ်ခဲ့သည်။

“ရေက အောက်ကို တအိအိဆင်းလာပြီဆိုတော့ စပါးအများဆုံးစိုက်တဲ့ မြစ်ဝကျွန်းပေါ်မှာလည်း အပျက်အစီးများမယ်လို့ ထင်တယ်။ ဒီအတွက်လည်း ပြင်ဆင်ထားပါတယ်” ဟု ဒေါက်တာထွန်းဝင်းက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်ပြည်သူပေါင်း ၁၇၂၀၅၂ဦး ရှိနေပြီး အိမ်ခြေပေါင်း ၃၈၉၆၇မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လညနေရာချထားရေးဝန်ကြီးဌာနက ဩဂုတ် ၄ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags