နာဂဒေသတွင် ဒေသခံ နှစ်ရာကျော် ကူးစက်ရောဂါခံစားနေရပြီး ၃၅ ဦး သေဆုံး

နာဂဒေသတွင် ဒေသခံ နှစ်ရာကျော် ကူးစက်ရောဂါခံစားနေရပြီး ၃၅ ဦး သေဆုံး

စစ်ကိုင်း၊ သြဂုတ် ၅ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကူးစက်ရောဂါတစ်ခုကြောင့် ဒေသခံ နှစ်ရာကျော် သုံးရာနီးပါး ကူးစက်ရောဂါတစ်ခု ခံစားနေရပြီး ယင်းရောဂါဖြင့် သေဆုံးသူ သြဂုတ်လ ၄ ရက်နေ့ထိ ၃၅ ဦးခန့် ရှိ နေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

သြဂုတ်လ ၅ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အမျိုးသားသဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ဒေါက်တာမြင့်နိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နန်းယွင်းမှာက ၁၃ ယောက် နာဂဒေသထဲက ဖြစ်တဲ့နေရာတွေမှာ ၂၃ ယောက် စုစုပေါင်း ၃၅ ယောက် သေတယ်လို့ ကြားရတယ် ရောဂါခံစားရတာက နှစ်ရာကျော် သုံးရာလောက်ရှိပြီလို့သိရတယ် ” ဟု ဒေါက်တာမြင့်နိုင်က ပြောသည် ။

ရောဂါ လက္ခဏာမှာ စတင်ဖြစ်ပွားချိန်တွင် လည်ချောင်းများနာကာ ကိုယ်အပူချိန်များ မြင့်တက်လာပြီး အဖုအပိန့် များ ထွက်ပေါ်လာကာ သွေးများအံပြီး အသက်ဆုံးရှုံးသည်အထိ   ဖြစ်သည်ဟု   ဒေါက်တာမြင့်နိုင်က ဆိုသည်။

“အစိုးရအဖွဲ့က အထူးကုအဖွဲ့တစ်ဖွဲတော့ မနေ့ကတက်သွားပြီ။ ခုချိန်ဆိုရင်တော့ လဟယ်တော့ရောက်ပြီ ဟိုဘက် ပိုင်းတော့ ဘယ်လိုသွားလဲ။ ဆက်သွယ်ရေးခက်ခဲတော့ မသိနိုင်သေးဘူး။ မနေ့က တင်ပြတော့ ပြည်ထောင်စု အစိုးရ အနေနဲ့အရေးတယူ လုပ်ကိုင်ပေးမယ်ပြောတယ် ” ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။

အဆိုပါ ရောဂါနာဂဒေသတွင် စတင်ဖြစ်ပွားသည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့်ရှိနေပြီဖြစ်ပြီး မည်သည့်ရောဂါဟု နာ မည်မတပ်နိုင်သေးဘဲ ကူးစက်ရောဂါတစ်ခုဟုသာ ယူဆ၍ရသေးကြောင်း   ဒေါက်တာမြင့်နိုင်၏ ပြောကြားချက်အရ သိ ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly