ယခင် အစိုးရလက်ထက်က တရားစွဲထားသည့်အမှုအားလုံးကို နေပြည်တော်စည်ပင်က ရုပ်သိမ်းလိုက်ပြီ

ယခင် အစိုးရလက်ထက်က တရားစွဲထားသည့်အမှုအားလုံးကို နေပြည်တော်စည်ပင်က ရုပ်သိမ်းလိုက်ပြီ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၊ ၂၀၁၆ခုနှစ်)။ ။ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် နေပြည်တော်စည်ပင်သာယာဥပဒေ အရ တရားစွဲဆိုထားသော အမှုအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။

ယခင်အစိုးရလက်ထက်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကျူးကျော်ဆောက်လုပ်နေထိုင်မှုဖြင့် တရားစွဲဆိုထားသော အမှုပေါင်း ၆၁မှုရှိခဲ့ရာမှ အစိုးရသစ်သက်တမ်း ၄လအတွင်းတွင် အမှုပေါင်း ၆၀အား ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

"၁မှုက ဘာလို့ကျန်နေတာလည်းဆိုတော့  စည်ပင်က ခွင့်ပြုလို့မရတဲ့မြို့ကွက်ထဲမှာ အခိုင်အမာဆောက်ထားလို့ပါ။ ဒါကိုလည်း အဆင်အပြေဆုံးဖြစ်အောင် ညှိနှိုင်းပြီးတော့ ရုပ်သိမ်းမှာပါ" ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ရုပ်သိမ်းပြီးသည့် အမှုပေါင်း ၆၀မှာ ဒက္ခိဏသီရိမြို့နယ်တွင် ၃၂မှု၊ ဇဗ္ဗူသီရိမြို့နယ်တွင် ၁၈မှု၊ ဥတ္တရသီရိမြို့နယ်တွင် ၂မှုနှင့် ပုဗ္ဗသီရိမြို့နယ်တွင် ၈မှုတို့ ဖြစ်သည်။

ရုပ်သိမ်းရန်ကျန်နေသည့် ၁မှုမှာ သုခဒီပရပ်ကွက် ကွင်းကြီးချောင်းနှင့် မြို့နယ်ဆေးရုံကြားတွင် ကျူးကျော်နေထိုင်၍ ပုဒ်မ ၂၆အရ ဒဏ်ငွေငါးသောင်း ထမ်းဆောင်ပြီးသော်လည်း ဆက်လက်ကျူးကျော်နေထိုင်သည့်အတွက် ပုဒ်မ- ၂၇ဖြင့် တရားစွဲဆိုသည့်အမှုဖြစ်သည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ကျူးကျော်ဖြင့်တရားစွဲခံထားရသည့်အမှုများအား ပြန်လည်ရုပ်သိမ်းပေးသလို နေပြည်တော်စီမံကိန်းတည်ဆောက်ချိန်တွင် မြေသိမ်းခံရသော ဒေသခံများအား လျော်ကြေးပေးရန်နှင့် မြေကွက်အစားထိုးပြန်မရသူများကိုလည်း ဥပဒေနှင့်စိစစ်ပြီး ပေးအပ်သွားရန် စီစဉ်ထားသည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"နစ်နာခဲ့တဲ့သူတွေကို ဥပဒေနဲ့အညီ စိစစ်ပြီးတော့မှ ပြန်ပေးဖို့ စီစဉ်နေပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags