မိုင်ဂျာယန်အစည်းအဝေးအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီမှု မူကြမ်းတစ်ခုရ

မိုင်ဂျာယန်အစည်းအဝေးအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီမှု မူကြမ်းတစ်ခုရ

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး၌ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဘုံသဘောတူညီချက် မူကြမ်းတစ်ခုရရှိခဲ့သည်ဟု သိရသည်။

၅ ရက်ကြာ ဆွေးနွေးမှုမှရရှိသော မူကြမ်းကို ၂၁ ရာစုပင်လုံ ညီလာခံမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ ပြန်လည် အစည်းအဝေး ပြုလုပ်၍ အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း မျက်နှာစုံညီ အစည်းအဝေးမှ ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။ 

“ဆွေးနွေးထားတဲ့လေးချက်ကို ကျနော်တို့ မူကြမ်းအဖြစ်နဲ့ ရပါတယ်။ ဒါတွေကို ပြန်ပြီး အတည်ပြုနိုင်ဖို့ ကျနော်တို့ ထိပ်သီး ခေါင်းဆောင်တွေ အစည်းအဝေးတခုမှာ ထပ်မံပြီး အတည်ပြုဖို့ပဲ ဆုံးဖြတ်ချက်ချပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။ 

အစည်းအဝေးတွင် အဓိကဆွေးနွေးခဲ့သည့် ခေါင်းစဉ်ကြီး လေးခုဖြစ်သော ပင်လုံ လက်တွဲစာတမ်းဆွေးနွေးအတည်ပြုခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေများအတွက် အခြေခံမူများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး   ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက်များဖြင့် ဘုံသဘောထားများ စုစည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘုံသဘောထားများအဖြစ် ရယူရန် လိုအပ်နေသည့် အကြောင်းအရာများအား ဆက်လက် အတည်ပြုနိုင်ရန်အတွက် မျက်နှာစုံညီ အစည်းအဝေးမှ တာဝန်ပေးအပ်ထားသည့် အလုပ်အဖွ့ဲက ဆက်လက် လုပ်ဆောင်၍ NCAလက်မှတ်ရေး ထိုးထားသည့် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့(CT)နှင့် နိုင်ငံရေးုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) တို့မှ ပူးတွဲ နည်းလမ်းရှာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။ 

လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့တွေ ဒီလိုမျိုးတွေ့ဆုံနိုင်ကြတာ ပထမဆုံး ပြန်တွေ့ကြတာဆိုတော့ စုံစုံညီညီပြောနိုင်လောက်တဲ့ အဆင့်ရှိတယ်။ သို့ပေမဲ့ အာလုံးတော့ မတက်ဖြစ်သေးပါဘူး။ ဒါပေမဲ့ မတွေ့ဆုံတာထက်စာရင် ဒီလို တွေဆုံကြတာက ကျနော်တို့ တိုင်းရင်းသားတွေအရေးအတွက် ကောင်းမွန်တဲ့အနေအထားမျိုးဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်မထိုးသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျုးိများ ဖက်ဒရယ်ကောင်စီ(UNFC)က အားလုံး ပါဝင်ရေးအတိုင်း ဆက်လက် ရပ်တည်မည် ဖြစ်ကြောင်း ဇူလိုင်လ ၂၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် UNFC ဒုဥက္ကဌ နိုင်ဟံသာက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်က လက်နက်စွန့်ရန် ပြောဆိုထားသော တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင်တပ်မတော်(AA)ပါဝင်ရေးနှင့် ပတ်သက်၍ မျက်နှာစုံညီအစည်းအဝေးတွင် တစ်စုံတစ်ရာဆွေးနွေးခြင်း မရှိသော်လည်း အားလုံးပါဝင်ရေးကို ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်မှ ၃၀ ရက်ထိ ငါးရက်ကြာ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့နှင့် ပြည်တွင်းမှ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA)၊ ညီနောင်တိုင်းရင်းသားပါတီ ဖက်ဒရယ်ရှင်း(NBF)နှင့် အမျိုးသမီးများ အဖွဲ့အချုပ်(မြန်မာနိုင်ငံ)-WLB တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့သည်။

လာမည့် သြဂုတ်လကုန်ပိုင်းတွင် အစိုးရက ကျင်းပရန် ပြင်ဆင်နေသော ၂၁ ရာစာပင်လုံ ညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထားရပ်တည်ချက် ရယူရန် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly