တောင်တရုတ်ပင်လယ်အရေး အာဆီယံသဘောထားကွဲလွဲဆဲဖြစ်

တောင်တရုတ်ပင်လယ်အရေး အာဆီယံသဘောထားကွဲလွဲဆဲဖြစ်

အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားတူမျှမှု မရရှိနိုင်သေးသောကြောင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ကာ ဘုံသဘောထားတစ်ရပ် ရရှိရေးအတွက် အာဆီယံအဖွဲ့ကြီး အနေဖြင့် ကြိုးပမ်းနေရဆဲဖြစ်သည်။

တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုအရေးတွင် တရုတ်နှင့် အငြင်းပွားနေသော ဖိလစ်ပိုင်နိုင်ငံအား နိုင်ငံတကာတရားရုံးက အနိုင်ပေးလိုက်ပြီးနောက် ယင်းစီရင်ချက်နှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီး အနေဖြင့် ဘုံသဘောထားထုတ်ပြန်နိုင်ရေး သဘောတူမျှမှု မရဘဲ ကြိုးစားနေရခြင်းဖြစ်သည်။

၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံတကာတရားရုံးစီရင်ချက်အား ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့က လက်ခံကြိုဆိုမှု သဘောထားထုတ်ပြန်လိုပြီး တရုတ်နှင့် နီးစပ်မှုရှိသော အခြားအဖွဲ့ဝင်နိုင်ငံများက အာဆီယံအဖွဲ့အနေဖြင့် ဘုံသဘောထားထုတ်ပြန်ခြင်းကို လိုလားခြင်းမရှိဘဲဖြစ်နေခဲ့သည်။

အာဆီယံအဖွဲ့တစ်ရပ်လုံးအနေဖြင့် ယင်းတောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ် တသမတ်တည်းသဘောထားရှိရန် လိုအပ်သော်လည်း ပြဿနာမှာ တရုတ်နှင့် ဆက်ဆံရေးကို ထိခိုက်စေခြင်းမရှိဘဲ ဆောင်ရွက်နိုင်ရေးပဲဖြစ်နေသည်။

ဇူလိုင် ၁၂ ရက်က သည်ဟိတ်ရှိ နိုင်ငံတကာတရားရုံးက ဖိလစ်ပိုင်နှင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်က ပိုင်ဆိုင်သည်ဆိုသော သမိုင်းသက်သေအထောက်အထား မရှိဟု ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီရင်ထုံးကို တရုတ်က ပယ်ချပြီး ဖိလစ်ပိုင်နှင့် နှစ်နိုင်ငံဆွေးနွေးရန်သာ တောင်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly