ဗြိတိန်နိုင်ငံရေးအခြေအနေအကျိုးဆက် မြန်မာ့ရွှေစျေး စံချိန်တင်မြင့်တက်ကာ ၈သိန်းခွဲထိ တက်သွား

ဗြိတိန်နိုင်ငံရေးအခြေအနေအကျိုးဆက် မြန်မာ့ရွှေစျေး စံချိန်တင်မြင့်တက်ကာ ၈သိန်းခွဲထိ တက်သွား
ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင် တစ်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန်၊ ဇူလိုင် ၂၄ ။               ။ ဗြိတိန်နိုင်ငံဥရောပသမဂ္ဂကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာကြောင့် ရုတ်ချည်းဆိုသလိုအင်္ဂလန်ပေါင်ငွေ တန်ဘိုးစံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာ   ဈေးကွက်တွေထဲမှာလည်း ကမောက်ကမ အခြေအနေတွေဖြစ်ခဲ့ပါတယ်။ ကြံကြံဖန်ဖန်ဆိုသလို ဒီဂယက်က မြန်မာ့စီးပွားရေးကို  သက်ရောက်မှုရှိနိုင်သလားဆိုတဲ့   မေးခွန်းတစ်ချို့ထွက်ပေါ်လာပြီး အခုလိုပွင့်ကာစ မြန်မာနိုင်ငံစီးပွားရေးအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိဘူးလို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီကရွှေလုပ်ငန်းတွေထဲမှာတော့ ဗြိတိန်-ဥရောပသမဂ္ဂ သက်ရောက်မှုကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်တဲ့အတိုင်းဈေးမြင့်တက်မှုရှိလာနေပါတယ်။

ဇူလိုင်လထဲမှာတော့ မြန်မာ့ရွှေတစ်ကျပ်သားတန်ဖိုးက ကျပ် ၈ သိန်းခွဲလောက်အထိ အမြင့်ဆုံးကိုရောက်ခဲ့ပါတယ်။ ဒီဈေးကလက်ရှိ မြန်မာနိုင်ငံရွှေဈေးကွက်မှာ စံချိန်တင်ဈေးဖြစ်ခဲ့တာပါ။

"နိုင်ငံတကာရွှေဈေးပေါ်မှာ မူတည်ပြီးတော့ ဦးတို့နိုင်ငံရဲ့ ရွှေဈေးက ထောက်လျှောက် တက်သွားတဲ့သဘော ဘယ်လောက်ထိတက်လဲဆိုတော့ ရှစ်သိန်းခွဲအထိ တက်တယ် ရှစ်သိန်းခွဲတက်ပြီးတော့   နိုင်ငံတကာရွှေဈေးကအေးတော့ နည်းနည်းအေးနေတယ် အခုရှစ်သိန်းသုံးသောင်းကျော် ရှစ်သိန်းလေးသောင်းအဲဒီပတ်ချာလည်မှာဖြစ်နေတာပေါ့၊ ဆိုတော့ အမြင့်ဈေးမှာပဲရှိနေပါတယ်။" လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

မြန်မာ့ရွှေဈေးက ဇူလိုင်လဒုတိယပတ်ထဲမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၈ သိန်းခွဲဝန်းကျင်အထိ ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးဆိုရင်လည်း တစ်အောင်စကို ၁၃၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဒါဟာလည်း ဗြိတိန်-ဥရောပကနေ ခွဲထွက်လိုက်ပြီဆိုတာကြောင့် ဇွန်လနောက်ဆုံးသီတင်းပတ်အတွင်း မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးနှုန်းလည်း မြင့်တက်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

"ဈေးတက်လာတွေကတော့ ဗြိတိန်ကအီးယူကထွက်တဲ့ ကိစ္စနဲ့ ပါတ်သတ်ပြီးကမ္ဘာ့ရွှေဈေးတွေ တက်သွားတယ်။တက်လိုက်ကျလိုက် မတည်မငြိမ်ဖြစ်နေတယ်။အဲဒါကြောင့် ပြည်တွင်းဈေးကလည်း လိုက်တက်သွားတာပေါ့နော်။" လို့ တိတ်စိန်ရွှေဆိုင်က ကိုဇော်အောင်က ပြောပါတယ်။

လတ်တလော ပြည်တွင်းရွှေဆိုင်တွေရဲ့ အရောင်းအဝယ်ဈေးကွက်က အရောင်းထက် အဝယ်ပိုများနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။ အမြင့်ဆုံးဈေးတစ်ကျပ် သား ၈ သိန်းခွဲနီးပါးရှိခဲ့တဲ့   ပြည်တွင်းရွှေဈေးနှုန်းအနေနဲ့ ဇူလိုင်လတတိယပတ်ထဲမှာ ကျပ် ၈၃၆၅၀၀ အတွင်း ဈေးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly