ကူးစက်မြန်ရောဂါဖြစ်ပွားမှုကြောင့် မင်္ဂလာဒုံတွင် လူ ၂၀၀ ခန့်အား အပြင်ထွက်ခွင့်ပိတ်ပင်

ကူးစက်မြန်ရောဂါဖြစ်ပွားမှုကြောင့် မင်္ဂလာဒုံတွင် လူ ၂၀၀ ခန့်အား အပြင်ထွက်ခွင့်ပိတ်ပင်
(ဓာတ်ပုံ - Aung Hlaing Win Facebook)

နေပြည်တော် (ဇူလိုင် ၂၃ရက်၊ ၂၀၁၆ခုနှစ်) ။          ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အသက်(၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ (ဆုံဆို့နာ) တွေ့ရှိရသောကြောင့် အဆိုပါ အမျိုးသမီးငယ်နေထိုင်ရာ ရပ်ကွက်အတွင်းရှိ လူဦးရေ ၂၀၀ ခန့်အား အပြင်ထွက်ခွင့် (၁၀) ရက်ခန့် ပိတ်ပင်လိုက်သည်။

မင်္ဂလာဒုံမြို့နယ်၊ တိလောကရပ်ကွက် အစွန်ဘက်ရှိ အိမ်ခြေများတွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးအား ဆေးရုံ တွင် ဆေးကုသစဉ် ကူးစက်မြန် အဆုတ်ရောင်ရောဂါ (ဆုံဆို့နာ)တွေ့ရှိ ရသောကြောင့် သူမနေထိုင်ရာ အိမ်ခြေများရှိ လူဦးရေ ၂၀၀ခန့်အား ဇူလိုင် ၂၂ရက်နေ့ညကစပြီး အပြင်ထွက်ခွင့်ကန့်သတ်ရန် ကျန်းမာရေးဌာနက ညွှန်ကြားထားခြင်းဖြစ်သည်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

"ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံသွားတက်တော့ ရောဂါပိုးတွေ့တယ်လို့ပြောတယ်။ အဲ့ဒါနဲ့ ဆေးရုံကြီးက ဖြစ်တဲ့ဒေသကို သွားလာမှု ပိတ်ခိုင်းတာပေါ့။ ရာအိမ်မှူးတွေက စောင့်ပြီးတော့ ပိတ်ထားတယ်။ အပြင်မထွက်ခိုင်းဘူး" ဟု ဦးအောင်လှိုင်ဝင်းက ဇူလိုင် ၂၃ရက်တွင် ပြောသည်။

အပြင်ထွက်ခွင့် ကန့်သတ်ခံထားရသည့် ဒေသခံများမှာ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဆင်းနေသော အောက်ခြေဝန်ထမ်းများဖြစ်ခြင်းကြောင့် ၎င်းတို့အတွက် စားဝတ်နေရေးအခက်အခဲရှိနေသည်ဟု ဆိုသည်။

"အဓိကလိုအပ်ချက်ကတော့ စားဝတ်နေရေးပါ။ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာကိုး။ ဒီနေ့မနက်ကတော့ ဘုန်းကြီးကျောင်းကကျွေးပါတယ်" ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးသို့ မဇ္ဈိမက ဆက်သွယ်ရာတွင် ဆက်သွယ်မှုမရရှိခဲ့ပေ။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်တစ်ဦးနှင့် ညွှန်ကြားရေးမှူးတစ်ဦးတို့အား မဇ္ဈိမက ဆက်သွယ်ခဲ့သေးရာ အဆိုပါကိစ္စအား ၎င်းတို့အနေဖြင့် သိရှိခြင်းမရှိသေးကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly