ခရီးသည်တင် မှန်လုံကားတစ်စီး ရွှေဆိုင်ထဲ ဝင်တိုက်မှု နေပြည်တော်တွင် ဖြစ်ပွား

ခရီးသည်တင် မှန်လုံကားတစ်စီး ရွှေဆိုင်ထဲ ဝင်တိုက်မှု နေပြည်တော်တွင် ဖြစ်ပွား
(ဓာတ်ပုံ- ပျဉ်းမနားမြို့မရဲစခန်း)

နေပြည်တော်(ဇူလိုင် ၂၀၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ရာဇဌာနီလမ်းပေါ်ရှိ နှင်းဆီပန်းအဝိုင်းတွင် ခရီးသည်တင် မှန်လုံတစ်စီး အဝိုင်းပတ်ရာမှ အရှိန်လွန်ကာ အနီးရှိ ရွှေဆိုင်တစ်ဆိုင်အား ဝင်တိုက်မှုတစ်ခု ဇူလိုင်လ ၂၀ရက်၊ နံနက် ၆နာရီအချိန်တွင် ဖြစ်ပွားခဲ့သည်။

မုံရွာ- နေပြည်တော် ပြေးဆွဲနေသော ကြယ်စင်ဟိန်းအမည်ရှိ ယာဉ်အမှတ် 9F/5183 အဝေးပြေးယာဉ်တစ်ဦးသည် နှင်းဆီပန်းအဝိုင်းတွင် အဝိုင်းပတ်စဉ် အဝိုင်းရှိ အုတ်ခုံအား ဝင်တိုက်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ အနီးတွင်ရှိသော အောင်လှိုင်ထွန်းအမည်ရှိ ရတနာရွှေဆိုင်အား ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပျဉ်းမနားမြို့မရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရွှေဆိုင်၏ ဆိုင်ခန်းမျက်နှာစာ ပျက်စီးသွားသလို ယာဉ်မောင်းနှင့် ယာဉ်အကူအပါအဝင် ယာဉ်ပေါ်လိုက်ပါလာသူ ၁ဦးတို့ မူးမေ့၊ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော် ကုတင် (၁၀၀၀)ဆံ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားရသည်။ သို့သော် စိုးရိမ်စရာအခြေအနေမရှိဘဲ သာမန်ဒဏ်ရာသာရရှိသည်ဟု ပျဉ်းမနားမြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူး တင်ဌေးက ပြောသည်။

"အရှိန်လွန်ပြီး အုတ်ခုံကို တိုက်မိတာကနေတစ်ဆင့် ရွှေဆိုင်ထဲကို ဝင်သွားတာ။ ပျက်စီးဆုံးရှုံးမှုတွေကို စိစစ်နေပါတယ်" ဟုလည်း ဒုရဲမှူး တင်ဌေးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly