ကိုးကွယ်ရာဘာသာအချက်အလက်များ ယခုလ ၂၁ ရက်တွင် ထုတ်ပြန်မည်

ကိုးကွယ်ရာဘာသာအချက်အလက်များ ယခုလ ၂၁ ရက်တွင် ထုတ်ပြန်မည်
(ဓာတ်ပုံ - ဟောင်ဆာ(ရာမည)/ မဇ္ဈိမ)

နေပြည်တော် (ဇူလိုင် ၁၈ရက်၊ ၂၀၁၆ခုနှစ်) ။        ။  မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်၊ ခရိုင်အသီးသီးတွင် ကိုးကွယ်ရာဘာသာအလိုက် လူဦးရေစာရင်းများကို လာမည့် ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

၂၀၁၄ခုနှစ်အတွင်းက ကောက်ယူခဲ့သော သန်းခေါင်စာရင်းတွင် ထုတ်ပြန်ရန် ကျန်ရှိနေသေးသည့် ကိုးကွယ်သည့်ဘာသာအချက်အလက်များကို လာမည့် ဇူလိုင် ၂၁ရက်တွင် နေပြည်တော်ရှိ Hotel Max တွင် အခမ်းအနားတစ်ရပ်ပြုလုပ်ကာ သတင်းထုတ်ပြန်သွားမည်ဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁.၄ သန်းကျော်ထိ ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ၂၀၁၄ခုနှစ် သြဂုတ်လနှင့် ၂၀၁၅ခုနှစ် မေလတို့တွင် အသီးသီးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးဆောင်ကာ နိုင်ငံတကာ လူဦးရေရံပုံငွေအဖွဲ့နှင့် ၂၀၁၄ခုနှစ် မတ်လ ၂၉ရက်မှ ဧပြီလ ၁၀ရက်အထိ ၁၂ရက်ကြာအောင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယခုထုတ်ပြန်မည့် ကိုးကွယ်သည့်ဘာသာအချက်အလက်များသည် ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အတွင်း လုပ်ဆောင်ချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

"ဘယ်မြို့နယ်မှာ ဘယ်ဘာသာဝင်တွေ ရှိနေတယ်။ ဘယ်ခရိုင်မှာ ဘယ်ဘာသာဝင်တွေ ရှိနေတယ်။ အင်အားတွေ အဲ့ဒါတွေ ထုတ်ပေးဖို့ ရှိနေသေးတယ်။ အဲ့ဒါကို ရက်တစ်ရာအတွင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့မှ ဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ ဒီအချက်အလက်တွေကို ပြည်သူကို တိတိကျကျ ထုတ်ပြန်သွားဖို့ ရှိပါတယ်" ဟု ဝန်ကြီးဦးသိန်းဆွေက မေလကုန်ပိုင်းတွင် ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly