အခြေခံလူသုံးကုန်ပစ္စည်းများပြတ်တောက်နေ၍ ဗင်နီဇွဲလားနိုင်ငံသားများ ကိုလံဘီယာသို့ စျေးဝယ်ထွက်နေရ

အခြေခံလူသုံးကုန်ပစ္စည်းများပြတ်တောက်နေ၍ ဗင်နီဇွဲလားနိုင်ငံသားများ ကိုလံဘီယာသို့ စျေးဝယ်ထွက်နေရ

ဇူလိုင် ၁၈ ။             ။ စီးပွားရေးအကျပ်ဆိုက်ကာ အခြေခံလူသုံးကုန်ပစ္စည်းများ ရှားပါးပြတ်တောက်နေသော ဗင်နီဇွဲလားနိုင်ငံမှ နိုင်ငံသားထောင်ပေါင်းများစွာတို့သည် ဇူလိုင်လ ၁၇ ရက်က အိမ်နီးချင်း ကိုလံဘီယာနိုင်ငံထဲသို့ ဝင်ရောက်ကာ ဈေးဝယ်ခဲ့ကြရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အာဏာပိုင်များက နယ်စပ်ဂိတ်ခေတ္တဖွင့်ပေးထားခြင်းကို အခွင့်ကောင်းယူကာ နိုင်ငံသားတို့သည် နိုင်ငံတွင် မရနိုင်သော စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းများကို ဝယ်ယူရရှိနိုင်ရန် ကိုလံဘီယာနိုင်ငံထဲသို့ ကူးသန်းသွားရောက်နေကြရခြင်းဖြစ်သည်။

တရားမဝင် ထုတ်ကုန်များ ကူးသန်းရောင်းဝယ်နေခြင်းကို တားမြစ်နိုင်ရန်ဟု ဆိုကာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက ယမန်နှစ်ကတည်းက နှစ်နိုင်ငံအကြား အဆိုပါနယ်စပ်ဂိတ်ကို ပိတ်ထားစေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ စီးပွားရေးဆိုးရွားမှုကြောင့် ထုတ်ကုန်ပစ္စည်းနိုင်ငံတွင် ရှားပါးပြတ်တောက်လာနေခဲ့ပြီဖြစ်ရာ နိုင်ငံသားများအတွက်  နယ်စပ်ဂိတ်ကို မဖြစ်မနေ ဖွင့်ပေးခဲ့ရခြင်းဖြစ်သည်။

ရေနံဈေး ထိုးကျခဲ့မှုကြောင့် ရေနံအပေါ်များစွာမှီခိုနေခဲ့ရသော အိုပက်အဖွဲ့ဝင်နိုင်ငံ၏ အစိုးရအနေဖြင့် ကြုံတွေ့နေရသည့် စီးပွားရေးရာ ပြဿနာရပ်များကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိပေ။
ဇူလိုင်လ ၁၇ ရက်က နိုင်ငံရှိ ဆန်အန်တိုနီယိုမြို့ နှင့် ကိုလံဘီယာမှ Cucuta မြို့တို့ကိုချိတ်ဆက်ထားသော နယ်စပ်တံတားပေါ်တွင် ဈေးဝယ်ထွက်လာသော ဗင်နီဇွဲလားနိုင်ငံသားထောင်ပေါင်းများစွာဖြင့် ပြည့်နှက်နေခဲ့ပြီး အများစုမှာ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကာ သွားလာနေခဲ့ကြသည်။ တစ်ချို့မှာလည်း လက်ရှိအစိုးရ ပြုတ်ကျရေး ဆောင်ပုဒ်များ ကြွေးကြော်နေခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်တစ်ခုလုံး နယ်စပ်မှတဆင့် ကိုလံဘီယာနိုင်ငံတွင်းသို့ ဈေးဝယ်သွားရောက်ကြသူ ဗင်နီဇွဲလားနိုင်ငံသားဦးရေ ၃၅,၀၀၀ ရှိခဲ့ပြီး ယခုသီတင်းပတ်ကုန်တွင် ယင်းထက်နှစ်ဆခန့်များပြားလာနိုင်မည်ဟုလည်း ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly