ဇေယျာသီရိမြို့နယ်ရှိ လမ်းဟောင်းတိုးချဲ့ရန် နှစ်ချို့ကုက္ကိုပင်ကြီးများကို ရှင်းလင်းမည်

ဇေယျာသီရိမြို့နယ်ရှိ လမ်းဟောင်းတိုးချဲ့ရန် နှစ်ချို့ကုက္ကိုပင်ကြီးများကို ရှင်းလင်းမည်

နေပြည်တော်(ဇူလိုင် ၁၅ရက်၊ ၂၀၁၆ခုနှစ်)။                        ။ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရန်ကုန် မန္တလေးလမ်းဟောင်းအား ပြန်လည်တိုးချဲ့ရန်အတွက်   နှစ်ချို့ကုက္ကိုပင်ပေါင်း အနည်းဆုံး အပင် ၄၀ခန့်အား ရှင်းလင်းသွားမည်ဖြစ်ရာ ဒေသခံများအနေဖြင့်လည်း ထောက်ခံပြီး ပူးပေါင်းပါဝင်ပေးကြရန် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ပြောကြားလိုက်သည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ရန်ကုန်- မန္တလေးလမ်းဟောင်းမှာ လမ်းအကျယ်သည် ပေ ၂၀ခန့်သာရှိသည့်အတွက် ယာဉ်တိုက်ခိုက်တိမ်းမှောက်မှုများ မကြာခနဖြစ်နေကြောင်း၊ ထပ်မံတိုးချဲ့ရန်မှာ ယခင်နှစ်ရှည်လများက စိုက်ပျိုးခဲ့သော နှစ်ချို့ကုက္ကိုပင်ကြီးများကို ရှင်းလင်းရန် အစိုးရက စီမံချက်ရေးဆွဲထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး မင်းနောင်က ပြောသည်။

"ဒီသစ်ပင်တွေကို ရှင်းလင်းတာနဲ့ပတ်သက်ပြီးတော့မှ ဒေသခံပြည်သူလူထုရဲ့ ထောက်ခံမှုတွေ လိုအပ်ပါတယ်" ဟု ဗိုလ်မှူးကြီးမင်းနောင်က ဆိုသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင် ၁၅ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့် လွှတ်တော်အမတ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာကိုယ်စားလှယ်များတွေ့ဆုံပွဲတွင် ဗိုလ်မှူးကြီးမင်းနောင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဇေယျာသိရိမြို့နယ်အတွင်းရှိ ၁၂မိုင်အရှည်ရှိသော ကျောက်ချက်ကျေးရွာမှ သိုက်ချောင်းလမ်းဆုံအထိ လမ်းတိုးချဲ့ရန် အစိုးရက စီစဉ်ထားခြင်းဖြစ်ပြီး လမ်းအကျယ် ၃၆မိုင်အထိ တိုးချဲ့မည်ဆိုပါက နှစ်ချို့ကုက္ကိုပင်ပေါင်း အပင်(၄၀)ခန့်ရှင်းလင်းရမည်ဖြစ်ကြောင်း၊ လမ်းအကျယ် ၄၄ပေအထိ တိုးချဲ့မည်ဆိုပါက ကုက္ကိုပင် ၂၁၆ပင် ရှင်းလင်းရမည်ဖြစ်ကြောင်း၊ လမ်းအကျယ ၄၈ပေအထိ တိုးချဲ့မည်ဆိုပါက ၂၇၄ပင် ရှင်းလင်းရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးမင်းနောင်က တွေ့ဆုံပွဲတွင် ပြောသည်။

သို့ရာတွင် ပြည်ထောင်စုအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ လမ်းအကျယ် ၃၆ပေအထိ တိုးချဲ့ရန် လျာထားသည်။

"ဒေသဖွံ့ဖြိုးရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ဒေသခံပြည်သူလူထုက လိုလားတယ်ဆိုလို့ရှိရင် ရှင်းလင်းသင့်တဲ့ ကုက္ကိုပင်များကို အစိုးရနဲ့ ပူးပေါင်းရှင်းလင်းဖို့လိုပါတယ်။
ဇေယျာသီရိမြို့နယ်အတွင်းမှာရှိတဲ့ ကျူးကျော်နေရာများ၊ ဈေးဆိုင်တန်းများလည်း ပူးပေါင်းရှင်းလင်းပေးဖို့လိုပါတယ်" ဟု ဗိုလ်မှူးကြီးမင်းနောင်က ဆိုသည်။

ရန်ကုန်- မန္တလေးလမ်းဟောင်းသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်၊ တာဝင်္တိသာမှ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်အထိ အရှည်မိုင် (၇၀)ခန့်အတွင်း   ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly