လူမှုကွန်ရက်ကြောင့် လူငယ်များအတွက် အန္တရာယ်ရှိလာဟု ဒုသမ္မတပြော

လူမှုကွန်ရက်ကြောင့် လူငယ်များအတွက် အန္တရာယ်ရှိလာဟု ဒုသမ္မတပြော

နေပြည်တော်(ဇူလိုင် ၁၁ရက်၊ ၂၀၁၆ခုနှစ်) ။             ။ အင်တာနက်၊ လူမှုကွန်ရက်များ အလွယ်တကူ အသုံးပြုနိုင်မှု၏ ရလဒ်အဖြစ် ဆယ်ကျော်သက်လူငယ်များအတွက် အသက်အန္တရာယ်ကြုံတွေ့ ရသည်အထိ အန္တရာယ်ရှိလာပြီဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောဆိုလိုက်သည်။

၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၁ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဦးမြင့်ဆွေက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"အင်တာနက်၊ လူမှုကွန်ရက်တွေက လူတိုင်းလက်လှမ်းမီ အသုံးပြုလာနိုင်တဲ့အလျောက် ဆယ်ကျော်သက်အရွယ် လူငယ်များအတွင်းမှာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့အယူအဆများ ပျံ့နှံ့နေပြီး ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းများ၊ မလိုချင်သော ကိုယ်ဝန်ရရှိခြင်းများ၊ ကိုယ်ဝန်ဖျက်ချခြင်းများ၊ HIV/AIDS ရောဂါကူးစက်မှုများမှစ၍ အသက်အန္တရာယ်များ ကြုံတွေ့ရခြင်းအထိ အန္တရာယ်များရှိလာပြီ ဖြစ်ပါတယ်" ဟု ဦးမြင့်ဆွေက အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ပြောသည်။

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များအတွက်လည်း မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပညာပေးခြင်းနှင့် စောင့်ရှောက်မှုလုပ်ငန်းများ ဦးစားပေးလုပ်ဆောင်ရန် လိုအပ်နေပြီဟု ဦးမြင့်ဆွေက ဆိုသည်။

လူမှုကွန်ရက်ကြောင့် ဆယ်ကျော်သက်များအတွက် အန္တရာယ်ရှိလာပြီဟူသည့် ဒုသမ္မတ၏ ပြောဆိုချက်အပေါ် အပြည့်အဝမထောက်ခံကြောင်း ဆယ်ကျော်သက်လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

"လူမှုကွန်ရက်မှာမှ အမျိုးအစားအများကြီးရှိပါတယ်။ ကျွန်မထင်တာတော့ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးလို့ပဲ မြင်ပါတယ်" ဟု သူမက မှတ်ချက်ပြုသည်။

မြန်မာအိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့(MIDO)မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ မထိုက်ထိုက်အောင်က "လူမှုကွန်ရက်လို့ ပြောလိုက်တဲ့နေရာမှာ လူမှုကွန်ရက်က အသုံးဝင်မှုပုံစံတွေက အမျိုးမျိုးရှိတယ်လေ။ ဒီလို လူငယ်တွေလမ်းမှားရောက်တာတစ်ခုတည်းက အနည်းအကျဉ်းပဲ ရှိသေးတယ်။ ဒါတွေကိုသုံးပြီးတော့ အသုံးဝင်တဲ့ဟာတွေ အများကြီးသုံးလို့ရတယ်လေ။ အဲ့ဒီ Potential(စွမ်းရည်)တွေကို မမြင်ဘဲနဲ့ risk(အန္တရာယ်)တွေကိုမြင်ပြီးတော့ ဒါကြီးဖွံ့ဖြိုးဖို့ကို အားမပေးဘူးဆိုရင်တော့ Information Society ပေါ်ပေါက်လာဖို့ကတော့ အရမ်းခက်ခဲမယ်" ဟု မဇ္ဈိမကို ပြောသည်။

၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက်(၁၀)နှစ်မှ (၁၉)နှစ်အရွယ် အမျိုးသမီးငယ်ဦးရေမှာ (၅)သန်းခန့် ရှိနေသည်။

အဆိုပါ (၅)သန်းခန့် အမျိုးသမီးငယ်များ၏ အခက်အခဲနှင့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးခြင်းသည် မြန်မာနိုင်ငံအနာဂတ်အတွက် ကောင်းမွန်သည့်ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သည်ဟုလည်း ဒုသမ္မတ ဦးမြင့်ဆွေက ပြောသည်။

ဆယ်ကျော်သက်အရွယ်မှ လူကြီးဖြစ်သည်အထိ ဘဝကို ကျန်းမာလုံခြုံပြီး အောင်မြင်စွာ ဖြတ်သန်းနိုင်ရေး၊ အရည်အသွေးပြည့်ဝတဲ့ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုပညာနဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ မိန်းကလေးငယ်တွေကို မူလတန်းပညာရေးနဲ့ အဆုံးမသတ်စေဘဲ အလယ်တန်းနဲ့ အထက်တန်းပညာတွေ ဆက်လက်သင်ကြားခွင့်ရရှိစေရေးနှင့် လူငယ်တွေရဲ့ဘဝကို အကျိုးရှိစေမည့် ဆုံးဖြတ်ဆောင်ရွက်ချက်တွေမှာ သူတို့ကိုယ်တိုင် ပါဝင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိစေရေးတို့အတွက် အစိုးရနှင့်အတူ မိသားစုဝင်များအပြင် သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင်ကြရန်လည်း ဦးမြင့်ဆွေက အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သေးသည်။

၂၀၁၆ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ "ဆယ်ကျော်သက်မိန်းကလေးများဘဝမြှင့်တင်ရေး ရင်းနှီးမြှုပ်နှံပံ့ပိုးပေး" ဟူ၍ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly