နေပြည်တော်တွင် ဝန်ထမ်းကြို/ပို့ယာဉ်တိမ်းမှောက်၊ အမျိုးသမီးဝန်ထမ်း(၂၇)ဦး ဒဏ်ရာရ

နေပြည်တော်တွင် ဝန်ထမ်းကြို/ပို့ယာဉ်တိမ်းမှောက်၊ အမျိုးသမီးဝန်ထမ်း(၂၇)ဦး ဒဏ်ရာရ

နေပြည်တော်(ဇူလိုင် ၁၁ရက်၊ ၂၀၁၆ခုနှစ်) ။            ။  အမျိုးသမီးဝန်ထမ်း ၂၇ ဦးကိုတင်ဆောင်လာသော တိုယိုတာအမျိုးအစား ဒိုင်နာယာဉ်တစ်စီးသည် ဇူလိုင် ၁၁ရက်၊ နံနက် ၉နာရီခွဲအချိန်တွင် တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအပါအဝင် အမျိုးသမီး ၂၇ ဦးစလုံးကို နေပြည်တော်ကုတင်တစ်ထောင်ဆံ့ဆေးရုံကြီးသို့ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှုခံယူထားရသည်။

ဒဏ်ရာရရှိသူများမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှဝန်ထမ်းများဖြစ်ပြီး ဥတ္တရသီရိမြို့နယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့ လမ်းကွေ့တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ အသက်အန္တရာယ်စိုးရိမ်စရာမရှိသော်လည်း အချို့မှာ ဒဏ်ရာပြင်းထန်သည်ဟု ရဲအုပ်သန်းကျော်ဌေးက သတင်းထောက်များကို ပြောသည်။

"ကျိုးတာ၊ ပဲ့တာ၊ ပေါက်တာ၊ ပြဲတာတော့ ရှိပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး" ဟု ရဲအုပ်သန်းကျော်ဌေးက ဆိုသည်။ တိမ်းမှောက်ရသည့် အကြောင်းအရင်းကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟုလည်း သူက ပြောသည်။

ကုတင်(၁၀၀၀)ဆံ့ဆေးရုံကြီးရှိ အရေးပေါ်ဆေးကုသမှုဌာနတွင်မူ တံခါးပိတ်ထားကာ သာမန်ထိခိုက်ဒဏ်ရာရလူနာများကို ကုသမှုရပ်နားထားသည်ဟူသည့်ဆိုင်းဘုတ်ချိတ်ထားပြီး ယာဉ်တိမ်းမှောက်သည့်လူနာများကိုသာ အရေးပေါ်ကုသနေသည်ကို နံနက် ၁၁နာရီအချိန်တွင် တွေ့ရှိရသည်။

ကြို/ပို့ကားအချို့မှာ သက်တမ်းကြာမြင့်ကာ ဟောင်းနွမ်းနေသောကြောင့် လုံခြုံစိတ်ချမှုအပြည့်အဝမရှိကြောင်း ဝန်ထမ်းများအကြား ဝေဖန်မှုများရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly