သင်္ကြန်ကာလနောက်ပိုင်းကစပြီး အခြေခံလူသုံးကုန်ပစ္စည်းအချို့ စျေးတက်

သင်္ကြန်ကာလနောက်ပိုင်းကစပြီး အခြေခံလူသုံးကုန်ပစ္စည်းအချို့ စျေးတက်
ရန်ကုန်မြို့ ၃၈ လမ်းရှိ လမ်းဘေးပျံကျဈေးသည်များအား တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ပြီးခဲ့တဲ့ မြန်မာ့နှစ်သစ်ကူးသြင်္ကန်ပွဲ ကာလ ပြီးတဲ့အချိန်မှာတော့ အခြေခံလူသုံးကုန်ပစ္စည်းတစ်ချို့ ဈေးမြင့်တက်လာတယ်လို့ ရန်ကုန်က လက်လီလက်ကား အရောင်းဆိုင်တစ်ချို့ကို   မေးကြည့်ရသလောက်သိရပါတယ်။

"ဆပ်ပြာတို့ သွားတိုက်ဆေးတို့လည်း အတူတူပါပဲ။ အရင်တုန်းကနဲ့ သြင်္ကန်မတိုင်ခင်ကထက် အခုဆို ၅၀ လောက်တက်တယ်နော်။ အရင်တုန်းကဆစ်ဂနယ်ရိုးရိုးဆို (၆၀၀) အခု (၆၅၀) ဝယ်ရတယ်၊ မသိမသာပေါ့နော် ၅၀ လောက်တက်သွားတစ်ချိုဆို ၁၀၀ လောက် တက်သွားတာတွေရှိတယ်။" လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မ ဒေါ်မာလာထွန်းက ပြောပါတယ်။

သင်္ဃန်းကျွန်မြို့နယ်က အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒီအမျိုးသမီးက အခုနှစ်ထဲမှာ အခြေခံကုန်ဈေးနှုန်းက သိသာတဲ့အပြောင်းအလဲမျိုး မရှိဘူးလို့ ပြောပြထားပြီး လူတန်းစားအစုံ ဝယ်ယူစားသုံးလို့ရမယ့်   ဈေးနှုန်းတစ်ခုဖြစ်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ကုန်မျိုးစုံရောင်းဝယ်သူ ဒီအမျိုးသားကို မေးကြည့်တဲ့အခါမှာလည်း အခြေခံစားသောက် ကုန်ဈေးနှုန်းတစ်ချို့ အရင်နှစ်ကထက် ပိုတက်လာတယ်လို့ပြောပါတယ်။

"ကုန်ဈေးနှုန်းကတော့မကျသေးပါဘူး။ မနှစ်ကထက်စာရင်တော့ ကြာဇံတို့ ဘာတို့ဆို မနှစ်ကထက် ပိုတက်လာတယ်.။ ကြာဇံတစ်အိပ်ကို ခုနှစ်ရာရှစ်ရာလောက်တက်တယ်။" လို့ ကုန်မျိုးစုံဆိုင်လုပ်ငန်း လုပ်ကိုင်သူ ကိုအောင်မြင့်က ပြောပါတယ်။

နိုင်ငံတွင်းစိုက်ပျိုးရေး အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းတွေ အနေနဲ့ကျတော့ ရာသီပေါ်လိုက်ပြီးဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေပါ။ ဒီလိုအပြောင်းအလဲကတော့ နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်နေကြဖြစ်ပါတယ်။

ဈေးရောင်းသက် ရှစ်နှစ်ကျော်လာပြီဖြစ်တဲ့ ဦးမြင့်မောင်ကလက်ရှိကုန်ဈေးနှုန်းအခြေအနေနဲ့ပတ်သတ်ပြီးအခုလိုပြောပြလာပါတယ်။

"ကျွန်တော်ဒီနေရာမှာရောင်းနေတာဆိုရင် ရှစ်နှစ်ဆယ်နှစ်ဝန်းကျင်ရှိပြီပေါ့။ ကုန်ဈေးနှုန်းတွေကတော့ ဒီလိုပဲ။ တက်လိုကျလိုက်ပါပဲ။ သူကအကျဆိုရင် ဖြေဖြေးချင်းကျသွားတာပေါ့လေ တက်တဲ့အခါကြတော့ပိုပြီးတော့ ခါတိုင်းဈေးထက် ပိုပြီးတော့ တက်တယ်လို့ ထင်ရပါတယ်။" လို့ ကုန်မျိုးစုံဆိုင်ဖွင့်ထားတဲ့ ဦးမြင့်မောင်ကလည်း ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စားသောက်ကုန်နဲ့ အခြေခံလူသုံးကုန်ပစ္စည်းဈေးနှုန်းတွေမှာ နှစ်စဉ်တိုင်းလိုလိုမတည်ငြိမ်တဲ့ ဈေးနှုန်းပြောင်းလဲမှုကို တွေ့ကြုံနေရတဲ့အခြေအနေပါ။

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစားရိတ်နဲ့ ကျပ်ငွေတန်ဖိုးအပြောင်းအလဲအပေါ်မှာ မြန်မာ့ကုန်ဈေးနှုန်းဖြစ်စဉ်ကို ထင်ဟပ်ပြောဆိုကြပေမယ့် တည်ငြိမ်တဲ့ ပြည်တွင်းကုန် ထုတ်လုပ်မှုကဏ္ဍကို တိုးမြှင့်ဖို့ကိုလည်း လုပ်ကိုင်ရမှာဖြစ်တယ်လို့ ပြောဆိုတာတွေလည်းရှိနေပါတယ်။ တစ်ဘက်မှာကလည်း ဒီဈေးကွက်ကြီးတစ်ခုလုံးကို ထိန်းကျောင်းပေးနိုင်မယ့် စောင့်ကြည့်လေ့လာတဲ့ အစီအစဉ်တွေကလည်း အားနည်းလျက်ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly