လက်ထပ်ထိမ်းမြားခြင်း ဥပဒေက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ဟုဆို

လက်ထပ်ထိမ်းမြားခြင်း ဥပဒေက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ဟုဆို
လက်ထပ်ထိမ်းမြားဥပဒေကို ကန့်ကွက်ခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်မဲဆန္ဒနယ်က ဒေါ်ဇာတလဲမ်း(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင် ၈ ။       ။ ဇူလိူင် ၇ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သော  ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများ  ထိမ်းမြားလပ်ထပ်ခြင်းဆိုင်ရာ ဥပဒေတွင် အခြားသော ဘာသာ၊ လူမျိုး အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုဖြစ်စေ၍ ငြိမ်းချမ်းရေးကိုပါ  ထိခိုက်စေနိုင်သည်ဟု လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)ရဲ့ ဦးဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

ဦးအောင်မျိုးမင်းက "ဒီဥပဒက ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာဆိုတော့ ကျန်တဲ့ဘာသာ လူမျိုးကို မကာကွယ်ပေးဘူး၊ ခွဲခြားဆက်ဆံတယ်၊ သူတို့အတွက် လုံခြုံမှုမရစေဘူးလို့ မြင်စရာဖြစ်စေတယ်၊ ဒီတော့ တန်းတူညီ မျှအောင် တိုက်ယူရမယ် ဆိုတာမျိုးတွေ ဖြစ်လာပြီး  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု ပျက်ပြားပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ လာထိခိုက်စေနိုင်ပါတယ်၊ နိုင်ငံမှာက နဂိုကတည်းက မြန်မာလူမျိုးကြီးဝါဒ ကြီးစိုးနေတယ်လို့ ထင်မြင်စရာဖြစ်နေတာလေ” ဟုဆိုပါသည်။

အဆိုပါ ဥပဒေကို ဇူလိူင်၇ ရက်ကပြည်ထောင်စုလွှတ်တော်တွင် ချင်းပြည်နယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဇာတလမ်း က ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၅၀၀၊ ကန့်ကွက်မဲ ၂၀၊ ကြားနေမဲ ၈မဲဖြင့် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒေါ်ဇာတလမ်းက "ကျွန်မက ခရစ်ယာန်ဘာသာဝင်၊ ကလေးသုံးဦး မိခင်တစ်ဦးပါ။ ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ အတွက် သက်သက်ပဲ ပြဌာန်းသလိုလည်း ဖြစ်နေတယ်၊ ဒီတော့ အခြားဘာသာ၊.လူမျိုးတွေအတွက် ဘယ်လိုပြဌာန်းပေးမလဲ ဆိုတာ မေးခွန်းထုတ်တယ်၊ ပြီးတော့ အမျိုးသမီးအခွင့်အရေးပြောရရင် လွတ်လပ်ခွင့် အပါအဝင်ပေါ့။ ဒါတွေရယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မကိုက်ညီတာရယ်၊ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ မကိုက်ညီတာတွေရယ်ကို ထောက်ပြမေးခွန်းထုတ် ကန့်ကွက်ပေ မဲ့လည်း မဲနဲ့ဆုံးဖြတ်ရာမှာ ရှုံးခဲ့တယ်” ဟုဆိုသည်။

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ(မူကြမ်း)၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)တို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဦးအောင်မျိုးမင်း၊ ဒေါ်ခင်လေးတို့ အပါအဝင် ကိုယ်စားလှယ် ၆ဦးက ဇွန်၂ရက်တွင် ပြည်သူ့လွှတ်တော်၏ ဖိတ်ကြားချက်အရ နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ရေးရာဆောင် အမှတ်(၄)ဧည့်ခန်းမဆောင်တွင် ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ဖူးသည်။

ယင်းဆွေးနွေးပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ (မူကြမ်း)နှင့် ပတ်သက်ပြီး အတည်မပြုသင့်ကြောင်းနှင့် ယင်းဥပဒေမူကြမ်းများ၏ သက်ရောက်မှုများကို အကိုးအကား အချက်အလက် များဖြင့် ထောက်ပြဆွေးနွေးခဲ့သော်လည်း ၎င်းတို့၏ အကြံပြုချက်များကို လက်မခံဘဲ ဥပဒေကို အတည်ပြုလိုက်ခြင်း သည် ပြည်သူ့အသံကို နားမထောင်ခြင်းပင်ဖြစ်သည်ဟု Triangle Women Support Group တည်ထောင်သူ ဒေါ်ခင်လေးက ဆိုသည်။

ဒေါ်ခင်လေးက "အစကတည်းက ဥပဒေပြုမယ်ဆိုတာ ခန့်မှန်းမိတယ်၊ ဇွန်၂ရက် ကျွန်မတို့အဖွဲ့တွေ သွားတွေ့ကတည်းက အစိုးရဘက်ကလည်း လိုအပ်လို့ ပြဌာန်းရန်ရှိတယ်လို့ ပြောထားတယ်လေ၊ ဒီတော့ အဲဒီ့ ဥပဒေဆိုင်ရာ နည်းဥပဒေတွေ၊ အသက် ဝင်မှုတွေကို စောင့်ကြည့်ရုံပါပဲ၊ တကယ်တော့ ဥပဒေတစ်ရပ်ဟာ ဘယ်လောက်ပဲ ကောင်းအောင်ရေးဆွဲထားထားပါ  ကိုင်တွယ် ကျင့်သုံးသူတွေအပေါ်မှာလည်း မူတည်နေပါသေးတယ်”ဟုဆိုသည်။

မိမိ၏ ဘာသာဝင်များ နစ်နာမှုမမရှိစေရန် ပြန်လည်ကုစားသည့် အနေဖြင့် ယင်းဥပဒေများပြဌာန်းရန် စဉ်းစားသည်ဆိုသော်လည်း
နိုင်ငံအတွက် စစ်မှန်သော အဖြေမဟုတ်ဘဲ အမှန်တကယ် အမျိုးသမီးများကို ကာကွယ်ပေးလိုသည်ဆိုပါက နိုင်ငံအတွင်းရှိ အမျိုးသမီးအားလုံးအတွက် အကျုံးဝင်ကာ လွှမ်းခြုံကာကွယ်ပေးနိုင်သည့် ဥပဒေကိုသာ ပြဌာန်းသင့်သည်ဟုလည်း ဒေါ်ခင်လေး က ဆိုသည်။

လူငယ်များသမဂ္ဂမှ မသင်ဇာရွှန်းလဲ့ရည်က အဆိုပါဥပဒေများသည် ဘာသာရေးကိုသာ အခြေခံခြင်း၊ အမျိုးသမီးများကိုသာ ကန့်သတ်ထားခြင်းဖြစ်ပြီး လူမျိုးဘာသာ တစ်ခုတည်းကိုသာ ကာကွယ်ပေးသယောင် ဖြစ်နေသည်။ ယင်းအပြင် အဆိုပါ ဥပဒေများကို ပြဌာန်းရန် မူကြမ်းအဆင့်အထိ လွှတ်တော်တွင် ပြင်ဆင်လာခြင်းသည်လည်း ရွေးကောက်ပွဲ နီးကပ်လာချိန်တွင်
နောက်ကွယ်မှ ဖိအားများကြောင့်ဖြစ်လာ နိုင်ခြင်းဖြစ်သည်ဟုလည်းသုံးသပ်ပြောကြားသည်။

အမျိုးသမီးများသည် အကာအကွယ်ပေးရမည့် အားနည်းသည့် လိင်အဖြစ် သတ်မှတ်ထားမှုအပေါ် အခြေခံကာရေးဆွဲထားသည့် မျိုးစောင့်ဥပဒေလေးခုကို ကန့်ကွက်ကြောင်း၊ အမျိုးသမီးများအပေါ် အထူးကာကွယ်သည့် အနေဖြင့် ဥပဒေများ သတ်မှတ်ရေး ဆွဲခြင်းထက်၊ အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေများကိုသာ ရေးဆွဲပြဌာန်း သင့်ကြောင်း ဆွေးနွေးခဲ့ သည်ဟု ကျားမတန်းတူညီမျှရေးကွန်ရက်မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ဆိုသည်။

ပြည်သူ့ လွှတ်တော်ကော်မတီဝင်များက ထိုဥပဒေများသည် အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သောကြောင့် အတည်ပြုရ မည် ဖြစ်ကြောင်း၊ ထိုဥပဒေများသည် နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်ပါ စံချိန်စံညွန်းများနှင့် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေများနှင့် ကိုက်ညီကြောင်း၊ ထိုဥပဒေများသည် တိုင်းရင်းသားများအပေါ် ခွဲခြားထိခိုက်မှု လုံးဝမရှိကြောင်းနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်စရာ လုံးဝမရှိကြောင်း၊ ဥပဒေပြဌာန်းပြီး လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးနိုင်ရန် ပြင်ဆင်ရေး သားသွားမည်ဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly