လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ရော့ခ်တေးဂီတအဖွဲ့ Mumford and Sons က ဆွီဒင် တေးဂီတ ပွဲတော်ကို သပိတ်မှောက်မည်

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ရော့ခ်တေးဂီတအဖွဲ့ Mumford and Sons က ဆွီဒင် တေးဂီတ ပွဲတော်ကို သပိတ်မှောက်မည်

နယူးယော့ခ်၊ ဇူလိုင် ၆ ။      ။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆွီဒင်တေးဂီဖျော်ဖြေပွဲတွင် အမျိုသမီး ၁၇ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်   ရော့ခ်တေးဂီတအဖွဲ့ Mumford and Sons က ဆွီဒင် တေးဂီတဖျော်ဖြေပွဲကို သပိတ်မှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆွီဒင်နိုင်ငံ၏ အကြီးဆုံး တေးဂီပွဲတော် Bravalla အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၂ မှုနှင့် အဓမ္မပြုကျင့်မှု အစီရင်ခံစာ ငါးခုကို အာဏာပိုင်များက လက်ခံရရှိခဲ့သည်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းကို ကြားရတဲ့အခါ ကျွန်တော်တို့ တုန်လှုပ် ချောက်ချားခဲ့ပါတယ်။ တေးဂီတပွဲတော်တွေဆိုတာ တေးသီချင်းတွေ ဖျော်ဖြေတဲ့ပွဲတွေ ဖြစ်တယ်။ ပြည်သူတွေ သွားရောက်ကြည့်ရှုသင့်တဲ့ နေရာတစ်ခု လုံခြုံတဲ့နေရာလို့ ခံစားရတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ ဒီလိုအကျည်းတန်တဲ့ သတင်းတွေကြောင့် ကျွန်တော်တို့ဝမ်းနည်းမိပါတယ်” ဟု Mumford and Sons ရော့ခ်တေးဂီတအဖွဲ့က ဖေ့စ်ဘွတ်ခ်တွင် ပြောကြားထားသည်။

“ရဲတပ်ဖွဲ့နဲ့ ပွဲစီစဉ်သူတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ လုပ်ဆောင် နေတယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်စိတ်ချရသည့်အထိ ဒီတေးဂီပွဲတော်ကို ကျွန်တော်တို့ ထပ်မံ ဖျော်ဖြေသွားမှာ မဟုတ်ဘူး”ဟု Mumford and Sons က ပြောကြားခဲ့သည်။

ဆွီဒင် ပေါ့ပ်ကြယ်ပွင့် ဇာရာလက်ဆန် ဖျော်ဖြေနေစဉ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ သည့် သတင်းကြားပြီးနောက် ဇာရာလက်ဆန်က “အမျိုးသားတွေဟာ အမျိုးသမီးတွေ ဂီတပွဲကို လာတဲ့အခါ လုံခြုံစိတ်ချမှုရှိအောင် လုပ်ပေးရမှာ။ အခုတော့ အဲ့လိုမဟုတ်ပါလား။ ကျွန်မ အမျိုးသား တွေကို မုန်းလိုက်တာ”ဟု ရေးသားခဲ့သည်။

ဆွီဒင် ဝန်ကြီးချုပ် စတီဖင်လိုဖန်က အမျိုးသမီးပရိတ်သတ်များ အကြမ်းဖက်ခံရမှုသည် “လုံး၀ လက်ခံနိုင်စရာ” မရှိဟု ဖော်ပြခဲ့ပြီး လိင်ပိုင်းဆိုင် အကြမ်းဖက်မှုအပေါ် ပြဌာန်းထားသော ဥပဒေများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly