အပစ်မရပ်သေးသည့်အဖွဲ့များ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတက်ရန် ဒေါ်အောင်ဆန်းစုကြည် မူဝါဒချမှတ်မှု UNFC ကြိုဆို

အပစ်မရပ်သေးသည့်အဖွဲ့များ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတက်ရန် ဒေါ်အောင်ဆန်းစုကြည် မူဝါဒချမှတ်မှု UNFC ကြိုဆို
ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့်  (UNFC)မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ  ၂၆ စက်တင်ဘာ ၂၀၁၄။ ဓာတ်ပုံ ဘိုဘို။

ချင်းမိုင်၊ ဇူလိုင် ၆ ။        ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA)လက်မှတ် မထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း တက်ရောက်နိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မူဝါဒချမှတ်မှုအပေါ် ဝမ်းသာကြိုဆိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ် ကောင် စီ(UNFC)မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

ဇူလိုင်လ ၅ ရက်က နေပြည်တော်တွင် ကျင်းပသော နိုင်ငံတော်အတိုင်ပင်ခံနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီတို့ အစည်းအဝေးတွင်   ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လတွင် ကျင်းပရန် စီစဉ်နေသည့် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA)လက်မှတ် မထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း တက်ရောက်ရန် နည်းလမ်းရှာရန် မူဝါဒ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ဒါဝမ်းသာတယ်။ ဒီ ၂၁ ရာစုပင်လုံညီလာခံကို အောင်မြင်စေချင်ရင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ဖို့ လိုတယ်။ တကယ်လို့ တဖွဲ့ဖွဲ့က ပါဝင်ခွင့် မရှိဘူးဆိုရင် အဲဒီ နယ်မြေက အေးချမ်းမှာ မဟုတ်ဘူး။ အဲဒီလိုမျိုးစုရဲ့ ပြဿနာကိုလည်း ဖြေရှင်းခွင့်ရှိမှာ မဟုတ်ဘူးလေ။ ဒါကြောင့် တိုင်းရင်းသား အားလုံးပါဝင်ဖို့ လိုတယ်။ ဒါက သူ့အနေနဲ့ ဒီလို ပြောလိုက်တဲ့ အပေါ်မှာ ကျနော်တို့ အများကြီး ဝမ်းသာတယ်”ဟု နိုင်ဟံသာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ညီလာခံ တက်ရောက်မည် ဆိုပါက ရရှိမည့် အခွင့်အရေးကို နည်းလမ်းရှာရန် အပါအဝင် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အနည်းဆုံး တစ်ခု အနိုင်ငံ ရရှိခြင်း မရှိသည့် နိုင်ငံရေးပါတီများ ညီလာခံတွင် ပါဝင်ခွင့် ရရှိရေးအတွက် တတ်နိုင်သည့် နည်းလမ်းဖြင့် ဖြေလျော့ ပေးရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရံပုံငွေများအား NRPC ကသာ ကိုင်တွယ်မည်ဟူသည့် မူဝါဒများ ချမှတ်ခဲ့သည်ဟု သိရသည်။

ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် NCA လက်မှတ်ရေးထိုးခါနီးချိန်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့အား လက်မခံခဲ့ခြင်းသည် အမှန်တကယ် ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်မည် မဟုတ်သဖြင့် ယခု ၂၁ ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင်ရန် လိုအပ်ကြောင်း နိုင်ဟံသာက ပြောသည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ရှိရာမှ ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးထားပြီး အဖွဲ့အ စည်း ၁၃ ဖွဲ့မှာ NCAလက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA )၊ ရက္ခိုင်တပ်မတော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်(MNDAA)တို့ သုံးဖွဲ့ကို NCA တွင် လက်မှတ်ရေးထိုးရန် ဦးသိန်းစိန်အစိုးရက လက်မခံခဲ့ဘဲ ယင်းအဖွဲ့ သုံးဖွဲ့ကို လက်နက်စွန့်ရန် မြန်မာ့တပ်မတော်ကလည်း ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဌတို့ ဇူလိုင်လလယ်တွင် တွေ့ဆုံရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနှင့် UNFC မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ဇူလိုင် ၁ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံရာ၌ သဘောတူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags