တအာင်း(ပလောင်)အမျိုးသားတပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တုုိ့အကြား တိုက်ပွဲများဖြစ်ပွား

တအာင်း(ပလောင်)အမျိုးသားတပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တုုိ့အကြား တိုက်ပွဲများဖြစ်ပွား
ရှမ်းပြည်နယ် တောင်ပိုင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ, ရှမ်းပြည်နယ်တပ်မတော် ( RCSS/SSA) ထိန်းချုပ်ရာနယ်မြေ လွယ်တိုင်းလျန်ဒေအတွင်းရှိ အွန်လန်းဆွမ် ဒုက္ခသည်စခန်းအတွင်း သွားလာလှူပ်ရှားနေကြသည့် ရှမ်းတပ်မတော်သားတစ်ဦးအား ဒီဇင်ဘာလ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - သိင်္ဂီထွန်း

ဇူလိုင် ၆၊ ချင်းမိုင်(မဇ္ဈိမ)။                ။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းတုံမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားတပ်မတော် (TNLA)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)တို့အကြား ဇူလိုင်လ ၄ ရက်မှစတင်၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသဖြင့် နှစ်ဖက် ညှိနှိုင်းဆွေးနွေးနိုင်ရန် ထပ်မံ ညှိနိုင်းနေသည်ဟု သိသည်။

ဇူလိုင်လ ၄ ရက်မှ ဇူလိုင်လ ၆ ရက်ထိ မန်တုံမြို့နယ် မန်မိုင်ကျေးရွာအနီးနှင့် မန်အီကျေးရွာနှင့် ဟိုနားရွာကြားတို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ ကျောက်မဲမြိ့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကိန်းကိုင်ကျေးရွာတွင်လည်း နှစ်ဖက် တိုက်ပွဲများ ၆ ကြိမ်မျှ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

“သူတို့လည်း စာပို့ထားတယ်။ ကျနော်တို့လည်း တွေ့ဆုံဖို့အကြောင်းပြန်ထားတယ်။ ကျနော်တို့ မိုင်းလားမှာ တွေ့ဖို့ အဆိုပြုထားတယ်။ အဲဒါ သူတို့ဘက်က ဘာမှ အကြောင်း မပြန်လာသေးဘူး။ ကျနော်တို့က လွတ်မြောက်နယ် မြေ မရှိတဲ့အတွက် တိုင်းရင်းသားဒေသ တခုရှာရတာပေါ့”ဟု TNLAမှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

RCSS/SSA ဘက်မှ အကြောင်းပြန်လာခြင်း မရှိသေးပဲ နှစ်ဖက် တွေ့ဆုံနိုင်ရေးရန်အတွက် နေရာ အဓိက အခက်အခဲ ဖြစ်နေသည်ဟု သူက ပြောသည်။

ဇူလိုင်လ ၄ ရက်က ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ဘက်မှ RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် လူ ၂ ဦး ကျဆုံးကာ RCSS/SSA ဘက်မှလည်း ၉ ဦး ကျဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရမိသည်ဟု မိုင်းအိုက်ကျော်က ပြောသည်။

“တိုက်ပွဲက ပစ်လိုက်နားလိုက်ဘဲ။ ထိခိုက်ကျဆုံးမှုက မသိရသေးဘူး။ RCSS/SSA က ကျနော်တို့ နယ်မြေထဲမှာ လှုပ်ရှားမှု မရှိဘူး။ အခုမှ ဝင်လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားလာတာ။ သူတို့ ကျနော်တို့နယ်မြေထဲ တက်တက်လာရင်တော့ ဆက်တိုက်ဖို့ ရှိတယ်၊ ကျနော်တို့ နယ်မြေထဲ ဆက်ပြီး ဝင်လာရင်တော့ တိုက်ပွဲက ဆက်ဖြစ်နေမှာဘဲ”သူက ပြောသည်။

RCSS/SSA က ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် မူကြမ်း(NCA) လက်မှတ် ရေးထိုးပြီးနောက် TNLA လှုပ်ရှားနေသော နယ်မြေသို့ လှုပ်ရှားလာသဖြင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သူက ပြောသည်။ RCSS/SSA ၏ ကျူးကျော်စခန်းကို TNLA မှ တက်ရောက် ရှင်းလင်းနိုင်ခဲ့ကြောင်း TNLA ဇူလိုင်လ ၄ ရက်က သတင်းထုတ်ပြန်ထားသည်။

  RCSS/SSA ကလည်း ၎င်းတို့ အခြေစိုက်နေသော တောင်ကုန်အား TNLA တပ်အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲတွင်TNLA ဘက်မှ ၁၀ ဦးကျော် ကျဆုံးခဲ့ပြီး လက်နက်အချို့ သိမ်းဆည်း ရမိခဲ့သည်ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗုလ်မှူးကြီး စိုင်မိဏ်းက ဇူလိုင်လ ၅ ရက်က ပြောသည်။

“တိုက်ပွဲက ကျနော်တို့ တပ်ဖွဲ့တွေ နေထားတဲ့ ကုန်းကို ထိုးစစ်ဆင်ပြီးတော့ တက်တိုက်တာပေါ့နော်။ မနက် ၉ နာရီလောက်ကနေ နေလည်ပိုင်းထိ တက်တိုက်ပါတယ်။ သူတို့ အကျအဆုံးတော်တော်များများနဲ့ ဆုတ်ခွာသွားတယ်။ သူတို့ဘက်ကတော့၁၀ ယောက်ထက်မနည်း ကျဆုံးပြီးတော့ လက်နက်အချို့လည်း ကျနော်တို့ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

TNLA ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

တိုက်ပွဲကြောင့် နှစ်ဖက် တပ်များ ထိခိုက်နစ်နာသဖြင့် တွေ့ဆုံဆွေးနွေးရန် RCSS/SSA ဘက်မှ ပြီးခဲ့သည့် ရက်ပိုင်းက PSLF/TNLA အား စာရေးသားအကြောင်းကြားခဲ့သော်လည်း ယနေ့ထိ အကြောင်းပြန်လာခြင်း မရှိသေးကြောင်း ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

“တမြန်နေ့လောက်က ၃ ရက်လောက်က ကျနော်တို့ PSLF/TNLA ကို တိုက်ရိုက် စာပို့ထားတာ ရှိတယ်။ နစ်စ်ဖက်ကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက ကျနော်တို့ ပြည်သူတွေကိုလည်း ထိခိုက်စေတယ်။ နှစ်ဖက်တပ်သားတွေလည်း ထိခိုက်စေတယ်။ ဒါကြောင့်လည်း တွေ့ဆုံ ဆွေးနွေးခြင်းက အဖြေရှာနိုင်မယ်လို့ တွေ့မြင်ရလို့ သူတို့ ဆီစာရေးထားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

RCSS/SSA က နှစ်ဖက် တိုက်ပွဲများ ရပ်တန့်ရန်အတွက် ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးရန် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် မိုင်းလား(NDAA) တပ်တို့ထံ စာရေးခဲ့သော်လည်း နှစ်ဖက် တွေ့ဆုံရန် နေရာ ညှိနှိုင်းနိုင်ခြင်း မရှိခဲ့သဖြင့် ယနေ့ထိ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags