ဧရာဝတီတိုင်းအတွက် နှစ်စဉ် ဘတ်ဂျက်ရေးဆွဲခြင်းအပေါ် လူမှုရေးဝန်ကြီး မေးခွန်းထုတ်

ဧရာဝတီတိုင်းအတွက် နှစ်စဉ် ဘတ်ဂျက်ရေးဆွဲခြင်းအပေါ် လူမှုရေးဝန်ကြီး မေးခွန်းထုတ်

ပုသိမ်၊ ဇူလိုင် ၄ ။             ။ မြို့နယ်စီမံကိန်း ဦးစီးမှူးအား နှစ်စဉ် ဘတ်ဂျက်ရေးစွဲခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက မေးခွန်းထုတ်လိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးစီးပြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်သည့် ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် "ဘတ်ဂျက်ရေးဆွဲတဲ့အခါ ဘယ်လိုကိစ္စတွေ၊ ဘယ်လိုမူမျိုးနဲ့ ဘယ်အချိန်မှာ နှစ်စဉ် ဘတ်ဂျက်ကို ရေးဆွဲပါသလဲ" ဟု မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

လူမှုရေးဝန်ကြီး၏ မေးခွန်းထုတ်မှုအပေါ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေးကော်မတီအတွင်းရေးမှူး ဒေါ်ရီရီထွန်းက"ကျွန်မတို့ ကော်မတီ အစည်းအဝေး ဆုံးဖြတ်ထားပြီသားပါ။ ပြည်သူတွေဆီ အချက်အလက်ရယူထားပါ။ ပြည်သူကိုလည်း ဒီနှစ်ဘက်ဂျက်မှာဆိုရင် ဘယ်ဟာ ဘုံလိုအပ်ချက်ဖြစ်တယ်ဆိုတာကို ရှင်းပြပြီး အချက်အလက်တွေစုဆောင်ထားဖို့ ကိုယ်စားလှယ်တွေဆီ စာထုတ်ဖို့လုပ်ထားပါတယ်၊ ပြည်သူတွေ ထည့်ဝင်လိုက်တဲ့ အခွန်က ဘယ်နေရာပွင့်လင်းမြင်သာမှုရှိစွာ အသုံးချလိုက်တယ် ဘယ်နေရာမှာပြည်သူအတွက်အကျိုးရှိ သွားတယ်ဆိုတာကို ပြည်သူသိဖိုလိုအပ်ပါတယ်၊ အပြောင်းအလဲကာလမှာ ပြည်သူတွေသိဖို့ ဌာနဆိုင်ရာတွေ လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းဖို့ ကျွန်မဖိတ်ခေါ်ချင်ပါတယ်"ဟု ဝင်ရောက်ဆွေးနွေးခဲ့သည်။

ယခင်က ဘတ်ဂျက်ရေးဆွဲရာတွင် အစိုးရဌာနများကသာရေးဆွဲခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ပြင်ပမှ ပညာရှင်များပါ ပါဝင်ရေးဆွဲခဲ့ကြောင်း ဧရာဝတီတိုင်း ရသုံးမှန်းခြေ ငွေစာရင်းဦးစီး ညွန်ကြားရေးမှူး ဦးသန်းလွင်က ပြောသည်။

"အရင်က ဌာနတွေကပဲ ရေးဆွဲပေးတဲ့ စနစ်ပါ။ ၂၀၁၆-၁၇ ဘက်ဂျက်မှာ ပြင်ပ ပုဂ္ဂိုလ်သုံးဦးပါလာပြီး၊ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးကော်မတီ ဖွဲ့စည်းထားပါပြီး"ဟု ၎င်းက ဆိုသည်။

နိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်)ရေးဆွဲရာတွင် အောက်ခြေပြည်သူများ၏ အသံကို နားထောင်ရန် လိုအပ်ပြီး ပြည်သူများနှင့် ထိတွေ့မှုရှိသည့် လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူကာ ပါဝင်စေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

"ကျွန်မ ပထမအကြိမ် ကြားဖြတ်မှာ ရွေးချယ်ခံပြီး ဘတ်ဂျက်ရေးဆွဲခြင်းတွေမှာ ပါဝင်နိုင်ခြင်းမရှိဘူး၊ ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲချင်တာ။ တကယ်ကို ထိရောက်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အခါ အောက်ခြေမှာရှိတဲ့ ပြည်သူတွေအသံကို နားမထောင်ဘဲ ထိရောက်တဲ့ စီမံကိန်းတွေမဖြစ်နိုင်ဘူး၊ လိုအပ်ချက်တွေအများကြီးပဲ။ ဦးစားပေးအဆင့် ရွေးရမယ့်အခါအောက်ခြေမှာ တကယ်အလုပ် လုပ်တဲ့ ကိုယ်စားလှယ်များနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ပြည်သူလူထု လက်ထဲကို အပြည့်အဝရောက်မယ်။ ပြည်သူလူထု လိုချင်တာလည်းရမယ်။ ဘက်ဂျက်အပြည့်အဝရမယ်" ဟု လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေးက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ဧရာဝတီတိုင်းဒေသကြီး၏ ဘက်ဂျက်တွင် ကျေးရွာတခုတည်းတွင် ကျောင်းနှစ်ခါချပေးခြင်း၊ တံတားတစ်စင်းတည်းအား သုံးခါကျပြီး နာမည်နှစ်မျိုးဖြစ်နေသည်ကို တွေ့ရှိရကြောင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ဆွေးနွေးပွဲတွင် ထောက်ပြပြောဆိုသွားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကာ မဇ္ဈိမမီဒီယာနှင့် အက်ရှင်အေ့ဒ် မြန်မာတို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော် ငွေစာရင်းကော် မတီဥက္ကဋ္ဌ ဦးအောင်သူထွေး၊ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းဦးစီးမှူး ဒေါ်ခင်သန်းလွင်၊ ဧရာဝတီတိုင်းဒေသကြီး ရသံုံးမှန်းခြေငွေစာရင်းဦးစီးမှူး ဦးသန်းလွင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly