တရုတ် ကွန်မြူနစ်ပါတီ၏ ၉၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ထိုင်ဝမ်ရေတပ်က သင်္ဘောပစ်ဒုံးကျည်တစ်စင်း မတော်တဆ ပစ်မိ

တရုတ် ကွန်မြူနစ်ပါတီ၏ ၉၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ထိုင်ဝမ်ရေတပ်က သင်္ဘောပစ်ဒုံးကျည်တစ်စင်း မတော်တဆ ပစ်မိ

ဇူလိုင် ၁ ။            ။ ဇူလိုင်လ ၁ ရက်တွင် ကျရောက်သည့် တရုတ် ကွန်မြူနစ် ပါတီ၏ ၉၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ထိုင်ဝမ် ရေတပ် ကင်းလှည့်ရေယာဉ်တစ်စီးက တောင်ပိုင်းကျွန်းစုဒေသ၌ သင်္ဘောပစ်ဒုံးကျည်တစ်စင်းကို မတော်တဆ ပစ်မိခဲ့သည်ဟု ထိုင်ဝမ် မီဒီယာများတွင် ဖော်ပြထားသည်။

Chinchiang (PGG-160) ထိုင်ဝမ် စစ်ရေယာဉ်သည် ပင်လယ်ပြင်အတွင်း စမ်းသပ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့စဉ် ယင်းကဲ့သို့ မတော်တဆ ဒုံးလွှတ်မိခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ် သတင်းဌာနက   ဖော်ပြထားသည်။ ယင်းဒုံးသည် ထိုင်ဝမ်၏ ဖုန်ဟူ ကျွန်းစုများ၏ အပြင်ဘက် ရေပြင်သို့ ကျရောက်သွားကြောင်း သိရသည်။

ယင်း ဒုံးကျည်ပစ်လွှတ်မှုက တရုတ် ကွန်မြူနစ်ပါတီ၏ နှစ်ပတ်လည်နေ့ အခမ်းအနားကျရောက်သည့်နေ့နှင့် တိုက်ဆိုင်နေခဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ထိုင်ဝမ် ရေတပ်က ထုတ်ပြန်သည်။

အဆိုပါ မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားချိန်က ထိုင်ဝမ်၏ တန် ၅၀၀ ရှိ ကင်းလှည့်ရေယာဉ်သည် Zuoying စစ်အခြေစိုက်စခန်းတွင် စတည်းချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်တို့ ပစ်လွှတ်လိုက်မိသည့် ဒုံးကျည်၏ ရောက်ရှိနိုင်သော အကွာအဝေးမှာ ကီလိုမီတာ ၃၀၀ ခန့်ဖြစ်ပြီး တရုတ်ပြည်မကြီးဆီသို့ပင် ရောက်ရှိနိုင်စွမ်းရှိကြောင်း သတင်းများအရ သိရသည်။ သို့သော် ယခုဖြစ်စဉ်တွင် ဒုံးကျည်မှာ ထိုင်ဝမ်ရေလက်ကြား အလယ်လိုင်းကိုပင် ကျော်ဖြတ်ခဲ့ခြင်းမရှိဟု ရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မေချိုင်ဆု က ပြောကြားသွားသည်။

တရုတ်နိုင်ငံတွင်မူ ကွန်မြူနစ်ပါတီ၏ ၉၅ နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ ဇူလိုင် ၁ ရက်တွင် ကျင်းပနေလျက်ရှိပြီး  သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတွင် ခြစားမှုနှင့် လုံခြုံရေးပိုင်းတို့အပေါ် အထူးအလေးထားကိုင်တွယ်သွားမည်ဟု ပြောကြားသွားကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly