ကျိုက်ထီးရိုးတွင် အတင်းအကြပ် ကျိန်စာတိုက်အလှူခံခြင်းမျိုး မဖြစ်စေဖို့ သူရဦးအောင်ကို ညွှန်ကြား

ကျိုက်ထီးရိုးတွင် အတင်းအကြပ် ကျိန်စာတိုက်အလှူခံခြင်းမျိုး မဖြစ်စေဖို့ သူရဦးအောင်ကို ညွှန်ကြား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၂၇ရက်)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တွင် စေတီ၏ ဂုဏ်သိက္ခာနှင့် မလျော်ညီသော အလှူခံခြင်းများ မဖြစ်စေရန် ဂေါပကအဖွဲ့က အဓိကကြီးကြပ်ထိန်းသိမ်းရမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။

"စေတီတော်ရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အလှူခံခြင်းပေါ့။ ကျိန်စာသင့်မယ်လို့ ပြောတာရှိသေးတယ်။ ဒီလိုအလှူခံခြင်းမျိုးမဖြစ်ဖို့ ဂေါပကအဖွဲ့ကနေ အဓိကကြီးကြပ် ထိန်းသိမ်းရန်" ဟု သူရဦးအောင်ကိုက ပြောသည်။

နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရုံးတွင် ဇွန်လ ၂၇ရက်က ကျင်းပပြုလုပ်သော ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် သူရဦးအောင်ကိုက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မလှူလို့ရှိရင် ငရဲအိုးထဲရောက်မလို၊ ချောက်ထဲရောက်မလိုနဲ့ပြောတော့ လှူမယ့်သူက လှူရမလို၊ မလိုရမလို ဒါတွေလည်း ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

အတင်းအကြပ်အလှူခံခြင်းအပေါ် တိုင်ကြားခံရမှုအများဆုံးဖြစ်နေပြီး အဆိုပါ ကိစ္စရပ်များသည် ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့နှင့်လည်း အဓိက သက်ဆိုင်သည်ဟု သူရဦးအောင်ကိုက အောက်ပါအတိုင်း ပြောဆိုခဲ့သေးသည်။

"အဲ့ဒါ ဘာအရေးကြီးလည်းဆိုတော့ ဂေါပကအဖွဲ့ကို လူမှန်၊ နေရာမှန်ရွေးတတ်ဖို့ အရေးကြီးတယ်" ဟု အစည်းအဝေးတွင် သူရဦးအောင်ကိုက ပြောသည်။

လက်ရှိတွင် အဖွဲ့ဝင် ၁၄ဦးဖြင့် ဖွဲ့စည်းထားသော ကျိုက်ထီးရိုးစေတီ၏ ဂေါပကအဖွဲ့အား ယာယီဂေါပကအဖွဲ့အဖြစ် သတ်မှတ်ပြီး ဂေါပကအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းသွားမည်ဟုလည်း ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သေးသည်။

ဂေါပကအဖွဲ့အား အမြန်ဆုံးပြန်လည်ဖွဲ့စည်းနိုင်ရန် ဂေါပကစည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံလုပ်နည်းနှင့် အမိန့်၊ ညွှန်ကြားချက်များအား သာသနာရေးဦးစီးဌာနမှ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကူအညီဖြင့် အမြန်ဆုံးရေးဆွဲသွားရန်လည်း အစည်းအဝေးတွင် ဆုံးဖြတ်ထားသည်။

ပြန်လည်ဖွဲ့စည်းမည့် ဂေါပကအဖွဲ့တွင်မူ "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အတွက်ကိုလည်း သစ်တော်ပညာရှင်အငြိမ်းစား ပါဝင်ဖို့ သင့်တယ်။ နောက်ပြီးတော့ စေတီတော်ကြီးရဲ့ ရင်ပြင်အဆောက်အဦတွေ ကြံ့ခိုင်ဖို့၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ အန္တရာယ်ကင်းစေဖို့၊ အဆောက်အဦတွေ မြို့ပြသို့ လျှပ်စစ် အငြိမ်းစားအင်ဂျင်နီယာတွေလည်း ပါဖို့သင့်ပါတယ်။ တစ်ခါ ငွေစာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ အငြိမ်းစား ငွေစာရင်းအရာရှိများလည်း ပါဖို့ သင့်ပါတယ်။ ပြီးတော့ မွန်ပြည်နယ်အစိုးရအဖွဲ့က ရွေးထားတဲ့ ဘာသာသာသနာအပေါ်မှာ ကြည်ညိုတန်ဖိုးထားတဲ့၊ သမာအာဇီဝနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ သူတွေလည်း ပါဖို့ သင့်ပါတယ်" ဟု ညှိနှိုင်းအစည်းအဝေးအပြီးတွင် သူရဦးအောင်ကိုက မီဒီယာများကို ပြောသည်။

ညှိနှိုင်းအစည်းအဝေးသို့ သူရဦးအောင်ကိုအပါအဝင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ ကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့ဥက္ကဌနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်ကို တွေ့ရသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကမူ "ကျွန်တော်လည်း ဒီပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တဲ့အတွက် ဒီတောင်တော်ကြီးနဲ့ပတ်သက်ပြီး ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက အစစအရာရာ ကျွန်တော်သိထားတယ်။ လက်ရှိဖြစ်နေတဲ့ ပြဿနာပေါင်းစုံကိုလည်း ကျွန်တော်သိထားတယ်" ဟု ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly