ဒေါ်လာ ၅ ဘီလီယံ အကုန်ကျခံကာ တိုးချဲ့ထားသည့် ပနားမားတူးမြောင်းတွင် ပိုမိုကြီးမားသော ကုန်သင်္ဘောကြီးများ ဖြတ်သန်းနိုင်ပြီဖြစ်

ဒေါ်လာ ၅ ဘီလီယံ အကုန်ကျခံကာ တိုးချဲ့ထားသည့် ပနားမားတူးမြောင်းတွင် ပိုမိုကြီးမားသော ကုန်သင်္ဘောကြီးများ ဖြတ်သန်းနိုင်ပြီဖြစ်

ဇွန် ၂၇ ။                 ။ ရာစုနှစ်သက်တမ်းကြာမြင့်နေခဲ့ပြီဖြစ်သည့် ပနားမားတူးမြောင်းကို အကြီးစား တိုးချဲ့မှုများ လုပ်ဆောင်ထားခဲ့ပြီးနောက်ပိုင်း ယခုအခါ အရွယ်အစား ကြီးမားလွန်းလှသော ကုန်တင်သင်္ဘောကြီးများကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၂၆ ရက်က ဖွင့်ပွဲအခမ်းအနားတွင် ပနားမားအစိုးရက ကြေညာသွားသည်။

ယခုကဲ့သို့ အရွယ်အစားကို အကြီးစား တိုးချဲ့မှုများလုပ်ဆောင်ထားနိုင်ခဲ့သည့် ပနားမားတူးမြောင်းကြောင့် အမေရိကန်နှင့် အာရှဒေသတို့အကြား ကုန်သွယ်မှုကို ယခင်ထက် ပိုမိုတိုးမြင့်နိုင်တော့မည် ဖြစ်သည်။

ဇွန်လ ၂၆ ရက်က တိုးချဲ့ထားသည့် ပနားမားတူးမြောင်း ဖွင့်ပွဲအခမ်းအနားကိုလည်း ကျင်းပခဲ့ပြီး ယင်းနေ့တွင် တရုတ်နိုင်ငံမှ ကြီးမားလှသည့် ကုန်တင်သင်္ဘောကြီးသည်လည်း အတ္တလန္တိတ် နှင့် ပစိဖိတ် သမုဒ္ဒရာကြီးများကို ဆက်သွယ်ထားသည့် ကီလိုမီတာ ၈၀ အရှည်ရှိ ရေလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားခဲ့သည်။

ယင်းနေ့က နိုင်ငံအကြီးအကဲများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့သည့် တူးမြောင်းတိုးချဲ့မှု ပြီးစီးခြင်းအခမ်းအနားကျင်းပချိန်တွင် အဆိုပါ တရုတ်ကုန်တင်သင်္ဘောကြီးက အောင်ပွဲအထိမ်းအမှတ်အဖြစ် အချက်ပေါင်းများစွာ ဟွန်းသံပေးကာ ဖြတ်သန်းမောင်းနှင်သွားခဲ့သည်။

အလားတူ ယခု တိုးချဲ့လိုက်သော တူးမြောင်းက ကမ္ဘာကြီးကို စုစည်းညီညွတ်စေမည့် လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပြီဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသည့် ပနားမားသမ္မတ ဂျူအန်ကာလို့စ် ဗာရယ်လာက ပြောကြားသွားခဲ့သည်။

အဆိုပါ တူးမြောင်းတိုးချဲ့ခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကာ ကုန်ကျစရိတ်ပေါင်း ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး သတ်မှတ်အချိန်ထိ နှစ်နှစ်နောက်ကျကာ ပြီးစီးခဲ့သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ကုန်သင်္ဘောများမှာ အဆိုပါ တူးမြောင်းတွင် ဖြတ်သန်းမှုအများဆုံးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly