Let's Go ဥရောပ ခရီးစဉ် ဇူလိုင် ၂၃ရက် စတင်ကြည့်ရှုနိုင်မည်

Let's Go ဥရောပ ခရီးစဉ် ဇူလိုင် ၂၃ရက် စတင်ကြည့်ရှုနိုင်မည်

ရန်ကုန်၊ ဇွန် ၂၃ ။               ။ Myanmar Media 7 မှ စီစဉ်တင်ဆက်သည့် Let's Go ပရိုဂရမ် ၃နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဥရောပနိုင်ငံ တွင် သွားရောက် ရိုက်ကူးထားသည့် ပရိုဂရမ်ကို ဇူလိုင်၂ရက်မှ စတင်ပြီး MNTV ရုပ်သံလိုင်းတွင် စတင်ပြသသွားမည် ဖြစ်သည်။

Let's Go (ခရီးသွား)ပရိုဂရမ်သည် ယခုနှစ်တွင် ၃နှစ်ပြည့်သွားခဲ့ပြီ ဖြစ်သည့်အတွက် ၃နှစ်ပြည့် အမှတ်တရ အနေဖြင့်  ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ ဘယ်ဂျီယံ စသည့် နိုင်ငံ ၆ နိုင်ငံသို့ သွားရောက်ရိုက်ကူးထားခြင်းဖြစ်သည်။

ထို ပရိုဂရမ်ကို ဒါရိုက်တာ ဝင်းလွင်ထက်မှ ရိုက်ကူး ပုံဖော်ခြင်း ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် အဆိုတော် ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ နန်းမြတ်ဖြိုးသင်း၊ Bobby Soxer၊ နန်းသူဇာတို့ ပါဝင် သရုပ်ဆောင်ထားပြီး ယခု ဥရောပခရီးစဉ်မှာတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ မိုးစက်ဝိုင်၊ ပိုပို နှင့် Snare အဖွဲ့မှ ဖြိုးလေးတို့လည်း လိုက်ပါသွားခဲ့သည်။

Myanmar Media 7 မှ ဥက္ကဌ ကိုဝေမင်းမောင်က "ဒီတစ်ခေါက်ကတော့ နိုင်ငံလည်းပိုစုံတယ် အတွေ့အကြုံ လည်း ပိုများသွားတယ် လူလည်းများတဲ့အတွက် ပရိသတ်တွေ ကြည့်ရတာ ရသတမျိုးခံစားရမှာပါ။ ဒီခရီးစဉ်မှာ အမှတ်တရ တစ်ခုကတော့ ကျွန်တော်ရယ် ပိုပိုရယ် ပိုက်ဆံအိတ် ခါးပိုက်နှိုက် ခံလိုက်ရတာပါပဲ" ဟု ပြောပြသည်။

ထိုအစီအစဉ်အတွက် ဥရောပနိုင်ငံတွေ ဖြစ်သည့် ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ ဘယ်ဂျီယံ စသည့် နိုင်ငံ ၆ နိုင်ငံရှိ အထင်ကရနေရာများတွင် သွားရောက်ရိုက်ကူးခဲ့သလို လေးနှစ်တစ်ကြိမ် ကျင်းပ ပြုလုပ်သည့် ဥရောပဘော်လုံးပြိုင်ပွဲကိုလည်း ဝင်ရောက်ရိုက်ကူး ခဲ့ကြသေးသည်။  

Let's Go ပရိုဂရမ်တွင် ပါဝင်ကြသည့် အဖွဲ့သားများသည် ဇွန်လ ၆ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဥရောပနိုင်ငံသို့ စတင်ထွက်ခွာ သွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၀ရက်မှာတော့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်သည်။

ဥရောပနိုင်ငံတွင် သွားရောက် ရိုက်ကူးထားသည့် Let's Go ပရိုဂရမ်ကို ဇူလိုင်လ ၂ရက်မှစတင်ပြီး အပတ်စဉ် စနေနေ့တိုင်း ည ၇နာရီ ၂၀မိနစ်တွင် ပြမည်ဖြစ်ပြီး Channel 9 မှာတော့ ဗုဒ္ဓဟူးနေ့တိုင်း နေ့လည် ၂နာရီတွင် ပြန်လည် ပြသမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly