ဘောဂသီရီ ယာဉ်ရပ်နားစခန်း ယာဉ်ဝင်ကြေးကောက်ခံခွင့် လေလံ ကြမ်းခင်းစျေး နှစ်ဆကျော်ဖြင့်ရောင်းချခဲ့

ဘောဂသီရီ ယာဉ်ရပ်နားစခန်း ယာဉ်ဝင်ကြေးကောက်ခံခွင့် လေလံ ကြမ်းခင်းစျေး နှစ်ဆကျော်ဖြင့်ရောင်းချခဲ့

နေပြည်တော်၊ ဇွန် ၂၃။ ။ နေပြည်တော်ရှိ ဘောဂသီရီအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ယာဉ်ဝင်ကြေးများစတင်ကောက်ခံရန် စည်ပင်သာယာရေးကော်မတီမှ ဈေးပြိုင်စနစ် လေလံတင်ရောင်းချရာတွင် ကြမ်းခင်းဈေး၏ နှစ်ဆကျော်ဖြင့် ရောင်းချနိုင်ခဲ့သည်။

ဘောဂသီရီ ယာဉ်ရပ်နားစခန်းသို့ဝင်ရောက်သည့် ယာဉ်အမျိုးအစား (၆)မျိုးအတွက် ဇူလိုင်လ ၁ ရက်မှ မတ်လ (၃၁) ရက်အထိ ယာဉ်ဝင်ကြေး ကောက်ခံခွင့်ကို ကြမ်းခင်းဈေး သိန်းတစ်ထောင့်တစ်ရာဖြင့် ဇွန်လ (၉) ရက်မှစတင်ကာ ဈေးပြိုင်စနစ် လေလံခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

“နေပြည်တော် စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေးတိုးရတာပေါ့၊ ရတဲ့ရံပုံငွေတွေကို စည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေဖြစ်တဲ့ လမ်း၊ တံတား၊ ဈေး အစရှိသဖြင့် လုပ်ငန်းတွေမှာတိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်တဲ့ နေရာမှာ သုံးစွဲသွားမှာပေါ့” ဟု နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးအေးမြင့် ကပြောသည်။

ယာဉ်ဝင်ကြေးကောက်ခံခွင့် လေလံပွဲတွင် ဝင်ရောက်လေလံဆွဲသည့် လုပ်ငန်းရှင်(၈) ဦးရှိခဲ့သည့်အနက် ဦးစိုင်းထွန်းလွင် မှ ငွေကျပ် (၂၃၅၀) သိန်းဖြင့် လေလံအောင်မြင်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ ယာဉ်ဝင်ကြေးကောက်ခံခွင့်် လိုင်စင်ထုတ်ပေးလိုက်သည်။

အိမ်စီးကား အတွက် ယာဉ်ဝင်ကြေး (၂၀၀) ကျပ်၊ လိုက်ထရပ်ကား အတွက်ယာဉ်ဝင်ကြေး (၃၀၀) ကျပ်၊ ၆ ဘီးကားအတွက် ယာဉ်ဝင်ကြေး (၄၀၀) ကျပ်၊ ၈ ဘီးကားအတွက် ( ၈၀၀ ) ကျပ်၊ ၁၀ ဘီးကားအတွက် (၁၀၀၀) ကျပ်၊ ၁၂ ဘီးကား နှင့် နောက်တွဲယာဉ် အတွက် (၁၂၀၀) ကျပ်သတ်မှတ်ထားကာ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ယာဉ်ဝင်ကြေးများ စတင်ကောက်ခံတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly