တိုင်းရင်းသားတို့အတွက် ရယ်အားထက် ငိုအားသန်စေသည့် အခြေခံဥပဒေဟု ရှမ်းအမတ် ဝေဖန်

တိုင်းရင်းသားတို့အတွက် ရယ်အားထက် ငိုအားသန်စေသည့် အခြေခံဥပဒေဟု ရှမ်းအမတ် ဝေဖန်
တိုင်းရင်းသားတို့အတွက် ငိုအားသန်စေသည့် အခြေခံဥပဒေဟု ဝေဖန်ဆွေးနွေးသည့် တာချီလိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသိန်းအောင်(ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)

နေပြည်တော်၊ ဇူလိုင် ၇ ။      ။ လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်းတူညီမျှမှုရှိအောင် ပြင်ဆင်ပြဌာန်းပေးမှသာ အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လွယ်ကူစေပြီး တိုင်းရင်းသားတို့၏ ယုံကြည်မှုအပေါ် ပြန်လည် တည်ဆောက်နိုင်လိမ့်မည်ဟု တာချီလိတ်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသိန်းအောင်က ပြောဆိုလိုက်သည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် ခက်ခဲ၊ ကြန့်ကြာနေရခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုက်ရိုက်သက်ဆိုင် နေသည်ဟုဆို ကာ အခြေခံဥပဒေအရ တိုင်းရင်းသားတို့အတွက် တန်းတူညီမျှမှုမရှိဟု ဦးစိုင်းသိန်းအောင်က ဝေဖန်သည်။

“ဘာ့ကြောင့်လဲဆိုတော့၂၀၀၈အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အချက်များဟာပြည်နယ်တွေမှာ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့်ကို မဆိုထားနဲ့။ ယခုလက်ရှိ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေဟာ မနည်းမီးထွန်းရှာနေရတဲ့ ဥပဒေကြီးတစ်ရပ်ဖြစ်နေလို့ပါပဲ” ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ဖွ့ဲစည်းပုံအခြခံဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းအား ဇူလိုင် ၇ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးစဉ် ဦးစိုင်းသိန်းအောင်က ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

“ယခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရည်မောသံထက် ငိုသံများကပိုနေတဲ့ ဥပဒေ ဖြစ်နေတဲ့အတွက်ကြောင့်မို့ မျိုးချစ်ပြည်ချစ်များ အားလုံးကို ငိုသံလေးတွေတိတ်စေဖို့၂၀၀၈ ကို ပြင်ဆင်စို့လို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်” ဟုလည်း ဦးစိုင်းသိန်းအောင်က အဆုံးသတ်တွင် ဆွေးနွေးခဲ့သေးသည်။

ဆွေးနွေးလျက်ရှိသည့် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ဖွ့ဲစည်းပုံအခြခံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် တိုင်းရင်းသားများ တောင်းဆိုနေသည့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များကသာ ခန့်အပ်ရန် ပြင်ဆင်ချက် ထည့်သွင်းထားသည်ကို တွေ့ရသည်။

ပြင်ဆင်သည့်ဥပဒေကြမ်းသည် တိုင်းရင်းသားတို့လိုလားချက်နဲ့ ထပ်တူမကျသေးသော်လည်း အထက်ပါပြင်ဆင်ချက်ကိုမူ လွှတ်တော်အမတ်အားလုံးက ထောက်ခံကြရန်လည်း ဦးစိုင်းသိန်းအောင်က  လွှတ်တော်တွင် တိုက်တွန်းခဲ့သေးသည်။

သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မှုဖြင့် လွှတ်တော်တွင် ၂၅ရာခိုင်နှုန်းနေရာယူ ထားသော တပ်မတော်သားအမတ်များက ယင်းအချက်ကို ကန့်ကွက်ဆွေးနွေးထားသည်။

လက်ရှိ အသက်ဝင်နေသည့် ၂၀၀၈အခြေခံဥပဒေတွင်မူ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက ခန့်အပ် တာဝန်ပေးရန် ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly