ဒဂုံစီးတီး စီမံကိန်း ဖျက်သိမ်းနိုင်ခြေရှိသည့် သတင်းကို ည ၈ နာရီတွင် ထုတ်ပြန်ဖွယ်ရှိ ဟုဆို

ဒဂုံစီးတီး စီမံကိန်း ဖျက်သိမ်းနိုင်ခြေရှိသည့် သတင်းကို ည ၈ နာရီတွင် ထုတ်ပြန်ဖွယ်ရှိ ဟုဆို

ရန်ကုန်၊ ဇူလိုင် ၇ ။        ။ ဒဂုံမြို့နယ်၊ ဆက်သွယ်ရေး တပ်ရင်းဟောင်းမြေပေါ်တွင် အကောင်အထည်ဖော်မည့် ဒဂုံစီးတီး စီမံကိန်းအပါအဝင် ၅ ခုကို ဖျက်သိမ်းနိုင်ဖွယ်ရှိသည့် သတင်းကို ည ၈ နာရီတွင် နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်နိုင်ဖွယ် ရှိကြောင်း ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ကော်မတီဝင်များထံမှ သိရသည်။

"မနေ့ကတုန်းကတော့ သာသနာရေးဝန်ကြီးက ဒီဟာကို ရပ်ပါမယ်ပေါ့၊ အတင်းမလုပ်ဘူးဆိုပြီး ဆရာတော် ဦးပါမောက္ခကို ဆက်တာ။ နေပြည်တော်က တပ်ကကော၊ တရားရေးကကော ဆက်တယ်။ ကျွန်တော်တို့က အမှန်ကို မပြောနိုင်သေးဘူး။

ဒါ နိုင်ငံတော်ကိစ္စတွေ။ သူတို့တွေက အဲဒီသတင်းကြားလို့ ဖျက်နိုင်ခြေရှိတယ်၊ ညကို စောင့်ကြည့်ပါလို့ ပြောတာ" ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်အဖွဲ့ဝင် ဦးဝင်းသိန်း က မဇ္ဈိမကို ပြောသည်။

ဒဂုံစီးတီး စီမံကိန်း ဖျက်သိမ်းမည့်သတင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင် အများစုကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တိကျသည့် အဖြေများ မပေးနိုင်သော်လည်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင်မူ "ဒီနေ့ ည ၈ နာရီ သတင်းတွင် ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ပေးမည်ဟု အကြောင်း ကြားလာပါတယ်" ဟု ရေးသားထား သည်။

ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး ဦးဆောင်အဖွဲ့ဝင် ဆရာတော်ဖြစ်သူ မာဂဓီသာစည် ကျောင်းတိုက်၊ ကျောင်းထိုင် ဦးနေမိန္ဒက "ဒဂုံစီးတီးနှင့်ပတ်သက်ပြီး သတင်းထူးရမယ်။ စိတ်ကျေနပ်လောက်တဲ့ အဖြေမျိုးကို ည ၈ နာရီသတင်းမှာ ကြားရမယ် လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ ပြန်ကြားရေးကော်မတီကို ဖုန်းဆက်လာတယ်" ဟု မဇ္ဈိမကို မိန့်သည်။

ဦးပါမောက္ခက ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ကတိပြုထားသည့် ၁၅ ရက်ပြည့်နေ့တွင် ဖျက်သိမ်းခြင်း အမိန့် ကြေညာစာ မထုတ်ပြန်နိုင်သဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရွှေတိဂုံစေင်္တတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြားရှိ မင်္ဂလာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ ၆ ရက်တွင် အစည်းအဝေးကို ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၄ ရက်က ရန်ကုန်တိုင်း နယ်လုံဝန်ကြီးတို့ ကတိကို အကောင်အထည်မဖော်နိုင်သဖြင့် လုပ်ငန်းများ ရပ် ဆိုင်းထားပြီး ဖျက်သိမ်းခြင်း အမိန့်စာကို မထုတ်ပြန်ပေးနိုင်ကြောင်း ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက် ရေးအဖွဲ့သို့ ဖုန်းဖြင့် အကြောင်းကြားသည့် ရန်ကုန်တိုင်း သာသနာရေးဦးစီးမှူး ဦးစိန်မော်ကမူ "ဒီနေ့တော့ ကျွန်တော် တခြားအလုပ်တွေနဲ့မို့ အဲဒီကိစ္စ ကို ဆက်တာလည်း မရှိပါဘူး။ သိလည်း မသိပါဘူး" ဟု ဆိုသည်။

ယင်းအစည်းအဝေးအပြီးတွင်ပင် တပ်မတော်အပါအဝင် သာသနာရေးဝန်ကြီးနှင့် အခြားဌာနဆိုင်ရာများက ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သို့ ဖုန်းဆက်သွယ်ကာ အထက်ပါအတိုင်း မေးမြန်း ပြောဆိုကြခြင်းလည်းဖြစ်သည်ဟု ဦးဆောင် အဖွဲ့ဝင်များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေး တပ်ရင်းဟောင်း နယ်မြေ၏ ၄၉ ဧကအတွင်း လူနေအိမ်ရာများ၊ ရုံးခန်းများကို ဆောက်လုပ်ရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၉ သန်း(ကျပ်ငွေ သန်း ၈,၉၀၀) ဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ ခုတို့က ငှားရမ်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly