ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ရုပ်ရှင်ဇာတ်ကားအတွက် ညှိနှိုင်းရန် မြန်မာနိုင်ငံသို့ လာမည်

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ရုပ်ရှင်ဇာတ်ကားအတွက် ညှိနှိုင်းရန် မြန်မာနိုင်ငံသို့ လာမည်

ရန်ကုန်၊ ဇွန် ၂၁ ။                  ။ Myanmar Media 7 ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင် သရုပ်ဆောင်မည့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ထိုရုပ်ရှင်ဇာတ်ကား အတွက် လိုအပ်သည့် ညှိနှိုင်းမှုများလုပ်ဆောင်ရန် ဇွန်လ ၂၇ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ သည် ၂၀၁၅ ၊ ဒီဇင်ဘာ ၁ရက်တွင် မီဒီယာများနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ယခုအခါမှာတော့ ၎င်းပါဝင်သရုပ်ဆောင်မည့် ရုပ်ရှင်ဇာတ်ကားကြီး အတွက် မြန်မာနိုင်ငံသို့ထပ်မံ လာရောက်ခြင်း ဖြစ်သည်။

Myanmar Media 7 မှ ဥက္ကဌ ကိုဝေမင်းမောင်က "အဓိကကတော့ သူနဲ့ ကိုနေတိုးနဲ့ ရိုက်မယ့် ရုပ်ရှင်ဇာတ် ကား အတွက် Meeting လာလုပ်တဲ့သဘောပါ။ သူအားမယ့်ရက်နဲ့ ကိုနေတိုး အားမယ့်ရက်ကို အဓိကညှိပြီးမှ ရိုက်ကူးလို့ရမှာပါ။ ဘယ်တော့ ရိုက်ဖြစ်မယ် ဆိုတာက ၂၈ရက်နေ့ Meeting ထိုင်ပြီးမှ အတိအကျသိရမယ်" ဟုပြောသည်။

လက်ရှိတွင် ဗီယက်နမ် မင်းသမီး  ငုရင်ထရန်ဟုရန်မေ နှင့် သရုပ်ဆောင် နေတိုး တို့သည် ရိုက်ကူးမည့်ရက် ညှိနှိုင်းမှု အဆင်မပြေသေးသည့်အတွက် ဇာတ်ကားရိုက်ကူးမည့်ရက် အတိအကျ မသတ်မှတ်ရသေးသလို ဇွန် ၂၈ရက်တွင် ပြုလုပ်မည့် ဆွေးနွေးပြီးမှ ရက်အတိအကျ ရိုက်ကူးရက် အတိအကျ ပြောနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို ရုပ်ရှင်ဇာတ်ကား အတွက် ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေ မှ ရေးသားပေးထားပြီး ဒါရိုက်တာ သြရသမှ ပုံဖော်ရိုက်ကူး သွားမည်ဖြစ်ကာ သရုပ်ဆောင် အကယ်ဒမီနေတိုး၊ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ နှင့် တခြား သရုပ်ဆောင်များလည်း ပါဝင်မည် ဖြစ်သည်။

ဇာတ်လမ်း အကြောင်းအရာသည် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦး အဖြစ် အကယ်ဒမီ နေတိုး မှ သရုပ်ဆောင် မည် ဖြစ်ပြီး ၎င်း မှ ဗီယက်နမ် မင်းသမီး ကို ဘေဘုတ် ကြော်ငြာများတွင် တွေ့ရာမှ လုပ်ငန်းရှင် တစ်ယောက် အနေ ဖြင့် ဗီယက်နမ် မင်းသမီး ကို ကြော်ငြာ ရိုက်ကူးဖို့ အတွက် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ရင်း ၎င်းတို့ နှစ်ဦး ကြားမှ ဖြစ်ပေါ်လာသည့် အချစ် ဇာတ်လမ်း တစ်ခု ဖြစ်သည်။

ဗီယက်နမ်မင်းသမီး  ငုရင်ထရန်ဟုရန်မေ သည် ဇွန်လ၂၇ ရက် ညပိုင်းတွင် ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ပြီး ဇွန်လ ၂၈ ရက်တွင် ရွှေတိဂုံဘုရားကို သွားရောက်မည် ဖြစ်ပြီး နေ့လည်ပိုင်းတွင် ၎င်းပါဝင် သရုပ်ဆောင်မည့် ရုပ်ရှင် ဇာတ်ကားကြီး အတွက် အကယ်ဒမီ နေတိုးနှင့် တွေ့ဆုံမည်ဖြစ်ကာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး အတွက် လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံတွင် ၂ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ဇွန်လ ၃၀ရက် ညပိုင်းတွင် မြန်မာနိုင်ငံမှ ဗီယက်နမ် နိုင်ငံသို့ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly